သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပြောင်းလဲမှုကြောင့် လူသားဘေးဒုက္ခ ပိုကြီးမားမည့်အရေး ADB သတိပေး


လာမယ့် နှစ်တွေအတွင်း အာရှ-ပစိဖိတ် ဒေသတခွင်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးဝါးတဲ့ ရာသီဒဏ်ခံရပြီး သန်းနဲ့ချီတဲ့ လူထုအိုးအိမ်ရွှေ့ပြောင်း နေထိုင်ရမှုတွေ ဖြစ်လာနိုင်တယ်လို့ ADB အာရှဖွံ့ဖြိုးမှုဘဏ်က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့၂ နှစ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် ဒေသတွင်း နေထိုင်သူတွေထဲက ၄၂ သန်းကျော် အိုးအိမ်ရွှေ့ပြောင်း နေထိုင်ခဲ့ရတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ADB အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေ အဖြစ်များလာတာမို့ ရွှေ့ပြောင်းနေထိုင်သူဦးရေ ဒီထက် ပိုတိုးလာဖို့ ရှိတယ်လို့လည်း ADB ဒါရိုက်တာ Brat Edes က ပြောပါတယ်။

ဒေသတွင်းကမြို့ကြီးတချို့မှာ အခုလိုအုပ်စုလိုက် ရွှေ့ပြောင်းနေထိုင်မှုတွေရှိနေပြီး တချို့မြို့တွေဟာ ပင်လယ်ရေ မျက်နှာပြင်အောက်နိမ့်တဲ့ ကမ်းရိုးတန်းဒေသတွေမှာ ရှိနေတာမို့ ရှေ့လျှောက် ပြဿနာတွေ ပိုပြီး ရှုပ်ထွေးလာနိုင်တယ်လို့လည်း ပြောပါတယ်။

ဒါ့ကြောင့် မြို့ကြီးတွေရဲ့ အခြေခံ အဆောက်အအုံတွေကို သဘာဝဘေးဒဏ်ခံနိုင်အောင်နဲ့ ပိုမို ကောင်းမွန်အောင်လုပ်ဖို့အပြင် သဘာဝအန္တရာယ်ကြောင့် အိုးအိမ်ရွှေ့ပြောင်းလာသူတွေအတွက် ကောင်းမွန်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ အစိုးရတာဝန်ရှိသူတွေကို သတိပေးလိုက်ပါတယ်။

မကြာခင် ကာလတွေအတွင်းမှာ ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြောက်ကိုရီးယားနဲ့ သြစတေးလျနိုင်ငံတွေ အပါအဝင် ဒေသတွင်း နိုင်ငံတွေမှာ ရေအကြီးအကျယ် လျှံခဲ့သလို တချိန်တည်းမှာလည်း တချို့ဒေသတွေမှာတော့ မိုးခေါင်ရေရှားမှုနဲ့ ကြုံခဲ့ကြရပါတယ်။

XS
SM
MD
LG