သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO ရဟတ်ယာဉ်ပျက် တူရကီစစ်သား ၁၀ ဦးကျော် သေဆုံး


မတ်လ (၁၆) ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ် (Kabul) ပြည်နယ၊် ကာဘူးလ် မြို့တော်အနီး ဘာဂရာမီ (Bagrami) အရပ်မှာ မြောက်အတ္တလန္တိတ် စစ်စာချုပ် (NATO) အဖွဲ့ဝင် တူရကီတပ်ဖွဲ့ရဲ့ ဆာကော့စကီး(Sikorsky) အမျိုးအစား ရဟတ်ယာဉ်တစ်စီး အိမ်တစ်လုံးပေါ်ကို ပျက်ကျခဲ့တာကြောင့် လိုက်ပါလာတဲ့ တူရကီစစ်သား (၁၂) ဦးနဲ့ မြေပြင်ပေါ်က အရပ်သား(၄)ဦး သေဆုံးသွားခဲ့တယ်လို့ တူရကီစစ်တပ်က ပြောကြားခဲ့ပါတယ်။

ဒီရဟတ်ယာဉ်ဟာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားနေစဉ်မှာ ပျက်ကျသွားခဲ့တာဖြစ်ပြီးတော့ အင်မတန် ပူဆွေးဝမ်းနည်းဖွယ်ကောင်းတဲ့ မတော်တဆ ဖြစ်မှုပါပဲလို့ တူရကီနိုင်ငံခြားရေး ဝန်ကြီး အာမက်ဒါဗူတိုဂလူ (Ahmet Davutoglu)က၊ သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။

ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ အိမ်ထဲက ကလေးငယ် ၂ ဦးနဲ့ အနီးက အရပ်သား ၂ ဦးတို့ပါ သေဆုံးခဲ့ရတယ်လို့ အာဖဂန်အာဏာပိုင်တွေက ပြောကြပါတယ်။ အာဖဂန်နစ္စတန်က NATO တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး အမေရိကန် ဗိုလ်ချုပ်ကြီး ဂျွန်အယ်လင်(General John Allen) က သေဆုံးသူ တူရကီစစ်သားတွေနဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီ ဝမ်းနည်းခြင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

တခြားသတင်းတပုဒ်မှာတော့-

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်တပ်ကြပ် တစ်ဦးက ပစ်ခတ်ခဲ့လို့ အာဖဂန်ကျေးရွာသား (၁၆) ဦး အသတ်ခံခဲ့ရတဲ့ အခင်းဖြစ်ပွားမှု စုံစမ်းစစ်ဆေးရေးမှာ အမေရိကန်အစိုးရဟာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ မတ်လ(၁၆)ရက်နေ့က အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း (Hamid Khazai) က စွပ်စွဲလိုက် ပါတယ်။ တောင်ပိုင်းက ကန်ဒါဟာ(Khandahar) ပြည်နယ်မှာ အမေရိကန်စစ်သည်ရဲ့ ပစ်ခတ် သတ်ဖြတ်ခြင်းခံခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ရပ်မိရပ်ဖ ရွာခံလူကြီးတွေကို သမ္မတကာဇိုင်းက မနေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG