သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ် လူ့အခွင့်အရေး ဆက်ချိုးဖောက်


မြန်မာအစိုးရစစ်တပ်တွေဟာ ကချင်ပြည်နယ်ဘက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်ကျူးလွန်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ မရောက်နိုင်အောင်လည်း ပိတ်ဆို့ တားဆီးနေတယ်လို့ Human Rights Watch လို့ ခေါ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုက FCCT နိုင်ငံခြား သတင်းထောက်များအသင်းမှာ အင်္ဂါနေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း HRW တာဝန်ရှိသူတွေက အဲဒီလို ပြောလိုက်တာပါ။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ သတင်းပို့ထားပါတယ်။

လူမသိသေးတဲ့ ဘေးဒုက္ခများလို့ ဆိုရမယ့် Untold Miseries လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၈၃ မျက်နှာပါ အစီရင်ခံစာ အသစ်တခုကို HRW အဖွဲ့က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပြီး ကချင်ပြည်နယ်ဘက်မှာဖြစ်ပျက်နေတဲ့ အခြေအတွေကို အသေးစိတ် ဖော်ပြထားတာပါ။

မြန်မာအစိုးရက ဖော်ဆောင်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ကချင်ပြည်နယ်ဘက်ဆီတော့ မရောက်သေးဘူးလို့ HRW က ဆိုပြီး ကချင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA နဲ့ တိုက်ခိုက်နေတဲ့ မြန်မာအစိုးရစစ်တပ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေဆဲဖြစ်တယ်လို့ HRW က ဝေဖန် ပြစ်တင်လိုက်တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တစုံတရာ အပြောင်းအလဲတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ မြန်မာအစိုးရစစ်တပ်က မတရားပြုမူလုပ်ဆောင်နေတာ တွေဟာ ကချင်ပြည်လို လူမျိုးစုတိုင်းရင်းသားဒေသတွေမှာ ကိုလိုနီခေတ်လွန် နောက်ပိုင်းကတည်းက ဖြစ်နေခဲ့တာတွေနဲ့ အတူတူ ဆက်ဖြစ်နေဆဲပါပဲလို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ဒီကနေ့အစီရင်ခံစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတဲ့ အချက်တခုကတော့ မြန်မာအစိုးရစစ်တပ်ဟာ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အရပ်သားတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက် ကျူးလွန်နေတုန်းပဲ ဆိုတာပါ။ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာမရှိဘဲ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့တွေကို မြန်မာအစိုးရစစ်တပ်က ဆက်ပြီး ထိန်းချုပ်ထားဆဲ၊ တားဆီး ပိတ်ဆို့ထားဆဲပါပဲ။” လို့ Phil Robertson က ပြောပါတယ်။

အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတဲ့ကြားကပဲ မြန်မာအစိုးရက လုပ်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးတွေ ကို အလွယ်တကူပဲ ခပ်မြန်မြန် အသိအမှတ်ပြုခဲ့ကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပါအဝင် နိုင်ငံတကာကိုလည်း HRW က ဝေဖန် ပြောဆိုခဲ့ပါသေးတယ်။

HRW အဖွဲ့ရဲ့ အခုအစီရင်ခံစာကို ကချင်အရေးလုပ်ဆောင်နေကြတဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးတွဲ လုပ်ဆောင် ပြုစုခဲ့တာဖြစ်ပြီး အဲဒီဒေသမှာ ဘေးဒုက္ခအမျိုးမျိုး ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရတဲ့ ကာယကံရှင်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို လူပုဂ္ဂိုလ်တွေရဲ့ နာမည်တွေ၊ အခင်းဖြစ်ခဲ့တဲ့နေရာတွေအပါအဝင် အသေးစိတ် ဖော်ပြထားပါတယ်။

မြန်မာအစိုးရစစ်တပ်ဟာ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ ရွာသူရွာသားတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ တရားလက်လွတ် ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းတာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်တာ၊ မုဒိန်းကျင့်တာ၊ ဒေသခံတွေကို အထမ်းသမား ပေါ်တာတွေအဖြစ် အတင်းအကျပ်စုဆောင်းပြီး စစ်တပ်ပစ္စည်းတွေကို သယ်ယူခိုင်းတာ၊ ရွာတွေကို မီးရှို့ ဖျက်ဆီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြထားပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲတွေစဖြစ်ကတည်းကဆိုရင် သူတို့သိထားသလောက် အရပ်သား ၇၅,၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီလို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာအစိုးရစစ်တပ်ရော၊ KIA အဖွဲ့ရောဟာ ကလေးစစ်သားတွေကို စုဆောင်း အသုံးပြုနေဆဲ၊ လူတွေ သေကျေ ဒဏ်ရာရစေတဲ့ မြေမြှုပ်မိုင်းဗုံးတွေကို အသုံးပြုနေဆဲပဲလို့လည်း HRW အဖွဲ့ရဲ့ လေ့ကျင့်ရေး၊ သုတေသနနဲ့ လှုံ့ဆော်စည်းရုံးရေး ဆိုင်ရာ တာဝန်ရှိသူ Matthew Smith က ပြောပါတယ်။

“ပဋိပက္ခမှာ ပါဝင်နေတဲ့ နှစ်ဘက်စလုံးဟာ လူကို အန္တရာယ်ဖြစ်စေတဲ့ မိုင်းဗုံးတွေကို အမြောက်အများ အသုံးပြုနေကြသလို ကလေးစစ်သားတွေကိုလည်း နှစ်ဘက်စလုံးက အသုံးပြုနေပါတယ်။ မြန်မာစစ်တပ်ဟာ အသက် ၁၄ နှစ်လောက်ထိငယ်တဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းအသုံးပြုနေပြီး KIA အဖွဲ့က အဲဒီလို အတင်းအကျပ်စုဆောင်းနေတုန်းပဲလားဆိုတာ အတည်မပြုနိုင်ပေမဲ့ အသက် ၁၈ နှစ်အောက် လူငယ်တွေကို စစ်သားအဖြစ်လက်ခံနေတုန်းပဲ ဆိုတာကတော့ အထောက်အထားတွေရှိပါတယ်။” လို့ Matthew Smith က ပြောပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းမ်စ်လွန်းဒေါင်ကတော့ အသက် ၁၈ နှစ် အောက်ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာမရှိဘဲ အသက် ၁၈ နှစ်အထက်တွေကိုသာ စစ်သင်တန်းပေးနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"လက်နက်ကိုင်နေတဲ့သူတွေက ၄၅နှစ်အထက်ဆိုလို့ရှိရင် သူတို့က တိုက်ရည်ခိုက်ရည်ရှိတဲ့ လူငယ်တွေဖြစ်တယ်။ ဒီတော့ကာ လွန်ခဲ့တဲ့ အချိန်တွေတုန်းကတော့ ရှိရင် ရှိမှာပေါ့နော်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တိုင်းမှာ အဲဒါတွေကတော့ အခြေအနေအရ သုံးတဲ့နေရာ ရှိရင်ရှိမယ်။ ပြောနေကြတယ်၊ ဗမာ့တပ်မတော်မှာလည်းပဲ ဒီနေ့ ၇သောင်းကျော် ရှိနေတယ်လို့ ပြောတယ်။ ဒါတွေကတော့ ပြောတာပေါ့။ လက်တွေ့ဆိုရင်တော့ ဒါတွေက သွားကြည့်ပြီးတော့မှ အဲဒါ သက်သေသာဓက ပြနိုင်မယ်၊ မှန်ကန်တယ်၊ ဒီနေ့ထက်ထိလည်း ရှိပါသေးတယ်ဆိုာ ရှိရမှာပေါ့နော်။ လက်တွေ့မှာတော့ ကျနော်တို့က အသက် ၁၈နှစ်အပေါ်မှာသာ သင်တန်းပေးနေပါတယ်။”

ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ ဘက်နှစ်ဘက်စလုံးအနေနဲ့ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာပါလို့ မြန်မာအစိုးရကိုရော KIO အဖွဲ့ကိုပါ HRW က အကြံပေး တိုက်တွန်းထားပါတယ်ခင်ဗျား။

XS
SM
MD
LG