သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆိုင်ရာ ကုလအဆိုပြုချက် အာရပ်အဖွဲ့ချုပ် ထောက်ခံဖွယ်ရှိ


ဆီးရီးယားနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Kofi Annan ရဲ့ အဆိုပြုချက်ကို အာရပ် အဖွဲ့ချုပ် နိုင်ငံခြားရေး ဝန်ကြီးတွေက ထောက်ခံကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ ဒီအဆိုပြုချက်ကို သမ္မတ Bashar al-Assad အစိုးရက လက်ခံပြီးနောက်တနေ့မှာ အခုလို ပြောဆိုမှုတွေ ထွက်လာတာပါ။

အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေဟာ လုံခြုံရေးတွေ တင်းကျပ်စွာချထားတဲ့ အီရတ်နိုင်ငံ၊ ဘက်ဂဒက်မြို့မှာ ကြာသပတေးနေ့က ထိပ်သီး စည်းဝေးပွဲ ကျင်းပဖို့ စီစဉ်ထားကြတာပါ။ ဆီးရီးယားအစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ မရပ်တန့်တဲ့အတွက် ဆီးရီးယားနိုင်ငံကို အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ်က မနှစ်တုန်းက ရပ်ဆိုင်းခဲ့ကြပါတယ်။

အစိုးရတပ်တွေနဲ့ အတိုက်အခံ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားကပဲ ကိုဖီအာနန်ရဲ့ အဆိုပြုချက်ကို ဆီးရီးယား အစိုးရက လက်ခံလိုက်တဲ့အပေါ် အနောက်နိုင်ငံတွေက သံတမန်တွေနဲ့ ဆီးရီးယားအတိုက်အခံ အင်အားစုတွေက သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။

အတိုက်အခံတွေရဲ့ နယ်မြေတွေကို သိမ်းပိုက်နိုင်အောင် သမ္မတအာဆတ်ဒ် အစိုးရက အချိန်ဆွဲတဲ့အနေနဲ့ အဲဒီ အဆိုပြုချက်ကို လက်ခံလိုက်တာလို့ အတိုက်အခံတွေက စွပ်စွဲ ပြောဆိုနေကြတာပါ။

ဒီအစီအစဉ်ကို လက်ခံလိုက်တာဟာ အရေးပါတဲ့ ပထမခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ပြောလိုက်ပြီး အခုအချိန်မှာ အလုပ်နဲ့ သက်သေပြဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။

XS
SM
MD
LG