သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ အုပ်စုခွဲပြီး အချိန်မှန်လျှပ်စစ်မီး ဖြန့်ဝေပေးမည်


ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဝေတဲ့အချိန်ကို အခုလက်ရှိထက် အချိန်ပိုတိုးပြီး ဖြန့်ဝေပေးတော့မယ်လို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ တာဝန်ရှိသူတဦးက ဧပြီလ ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ လျှပ်စစ်မီးရတဲ့အချိန် နည်းသွားတဲ့အပေါ် လူထုရဲ့ တုံ့ပြန်ပြောဆိုချက်တွေ၊ အဆင်မပြေဖြစ်ကြရတဲ့အသံတွေ ထွက်ခဲ့ပြီးတဲ့နောက်မှာ အခုလို အချိန်တိုးပြီး ဖြန့်ဝေပေးတော့မယ် ဆိုတဲ့ သတင်း ထွက်လာတာပါ။ ဒီအခြေအနေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ဧပြီလ တစ်ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့နောက် ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အားဖြန့်ဝေတဲ့အချိန်ကို လျှော့ချခဲ့တဲ့ အတွက် လူထုကြားမှာ မကျေမနပ်နဲ့ ဝေဖန်ပြောဆိုသံတွေ၊ အနုပညာရှင်တွေကိုယ်တိုင်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေး ပြောဆိုတာတွေ ရှိခဲ့ပြီးတဲ့နောက် မီးကို အချိန်တိုးပေးတော့မယ်ဆိုတဲ့ အခြေအနေ တိုးတက်ဖြစ်ပေါ်လာတာပါ။
အခုလက်ရှိမှာ ရန်ကုန်တမြို့လုံးကို အုပ်စု အေ၊ ဘီ၊ စီ ရယ်လို့ ခွဲခြားပြီး အလှည့်ကျ ၆ နာရီစီ ပေးနေရာကနေ အချိန်ထပ်တိုးပေး မယ့် ပုံစံကိုတော့ ဧပြီလ ၆ ရက်နေ့က အလုံမြို့နယ်၊ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ရုံးမှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်ဦးစီးပြီးလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတယ်လို့ ရှင်းလင်း ပွဲကို တက်ရောက်ခဲ့တဲ့ ရန်ကုန်သတင်းသမားတဦးက ဗွီအိုအေကို ပြောပြပါတယ်။
“အခု ညငါးနာရီကနေ မနက်ငါးနာရီအထိကို လျှပ်စစ်မီးကို အပြည့်အဝပေးထားမယ်- ကျနော်တို့ကို၊ ပြီးတော့ မနက် ငါးနာရီကနေ ညနေ ငါးနာရီအထိကိုကျတော့ ကျနော်တို့ ယခင် ဧပြီနှစ်ရက်နေ့က သတ်မှတ်ခဲ့တဲ့ အုပ်စုသုံးအုပ်စုဆိုတာ ရှိတယ်။ အဲဒီ သုံးအုပ်စုကို အရင်ပေးနေကျ ပုံစံအတိုင်းပဲ ပေးမယ်။ ဆိုလိုတာက အလှည့်ကျစနစ်ကတော့ မနက်ငါး၊ ညငါးကိုသွားနေမှာပဲ၊ မနက်ငါး၊ ညငါးနဲ့ အလှည့်ကျ တအုပ်စုဆီကိုဆို တနေ့ လေးနာရီစီ ကျနော်တို့ပေးထားမှာပေါ့။ ညငါးရောက်ပြီဆိုတာနဲ့ အကုန်လုံး မနက်ငါးအထိ တန်းတူအပြည့်ပေးထားမှာပေါ့။ ”
သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတဲ့နောက်ပိုင်းမှာ ရန်ကုန်မြို့က လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနတခုကို ဗွီအိုအေက ဆက်သွယ် ပြီး အခုလို အချိန်တိုးပြီး ဖြန့်ဝေပေးမယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိထားပြီးပြီလားဆိုတာ မေးမြန်းရာမှာ ဝန်ထမ်းတဦးက သူတို့ဆီ ညွှန်ကြားချက် မရောက်သေးတဲ့အကြောင်းနဲ့ လက်ရှိ ဖြန့်ဝေနေတဲ့ပုံစံကို အခုလို ရှင်းပြပါတယ်။
“လောလောဆယ်ကတော့ ဂျာနယ်တွေထဲမှာ ပြောထားတဲ့ဟာလေးရှိမယ် ထင်တယ်။ ကျနော်တို့က အလှည့်ကျ ခြောက်နာရီ ပေါ့နော်။ အေ၊ ဘီ၊ စီ အလှည့်ကျ ခြောက်နာရီပေးနေတဲ့ဟာမျိုးပဲ အကြမ်းဖျင်းသိပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိတဲ့ လူကြီးတွေက အပြောင်းအလဲကျတဲ့အခါကျတော့ - ပြောတာဆိုတာကျတော့ ကျနော်တို့က တချို့ဟာတွေ မသိရဘူးပေါ့နော်။ အခုချိန်အထိတော့ မရောက်သေးပါဘူးခင်ဗျ။ ”
အခုအစီအစဉ်အသစ်က ၂၄ နာရီအပြည့် မဟုတ်ပေမဲ့လည်း ဧပြီလ ၂ ရက်နေ့ကစပြီး ပေးခဲ့တာထက်စာရင် အချိန်ပိုတိုးလာ၊ ပြီးတော့ ညနေကနေ နောက်နေ့မနက်အထိ ပေးတာမို့ ထူးခြားပါတယ်လို့ ရန်ကုန်သတင်းသမားက ပြောပါတယ်။
“ညပိုင်းဆိုတာက ကျနော်တို့အမြင်အရပြောတာပေါ့နော်-မီးဘေးအန္တရာယ်လည်းကြောက်ရတယ်။ ရာသီဥတုကလည်း အရမ်းပူအိုက်တဲ့ရာသီဆိုတော့ ကျနော်တို့က လျှပ်စစ်မီးကို ညပိုင်းမှာပိုသုံးတာ များလာတယ်လေ။ အထူးသဖြင့် တော်ရုံတန်ရုံ စီးပွားရေးလုပ်ငန်းရှင်မဟုတ်တဲ့ သာမန်လူတန်းစားတွေက မီးစဝေချိန်လောက်ဆို မအိပ်နိုင်ကြဘူး။ အရမ်းပူအိုက်နေတော့ - ဆိုတော့ ညနေပိုင်းပေးလိုက်တဲ့အတွက် ပြည်သူတွေအတွက် အများကြီးသက်သာသွားတာပေါ့။ တချို့တွေဆိုလို့ရှိရင် မီးစက်တွေဘာတွေတောင် ဝယ်ဖို့လုပ်နေကြတယ်။ မီးစက်ဝယ်မယ့်အစီအစဉ်သမားတွေက တော်တော်လေးပျက်ကုန်ကြတယ်ဗျ။ ”
ဒီသတင်းရေးချိန်မှာ ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့သလောက် ရန်ကုန်မြို့ခံတွေက ညနေ ၅ နာရီမှာ ပုံမှန် မီးပြတ်လေ့ရှိပေမဲ့ အခုတော့ မပျက်သေးဘဲ ဆက်လာနေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က ပျက်ဦးမှာလား၊ ဆက်လာနေမှာလား ဆိုတာ အသေအချာမသိနိုင်ကြပါဘူး။
အခုအစီအစဉ်သစ်က ညနေကနေ နောက်နေ့မနက်အထိ ပေးတာဖြစ်တဲ့အတွက် ရုံးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် အများကြီး အဆင်မပြေလှသေးပါဘူးလို့ နောက် ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
မြို့ခံသတင်းသမားကတော့ ၂၄ နာရီပေးနိုင်ရင် အကောင်းဆုံးဖြစ်ပေမဲ့ အရင်ထက်စာရင် ပိုတိုးလာတဲ့အတွက် အခု အစီအစဉ်ကို ကြိုဆိုပါတယ်။
“လုပ်ငန်းနဲ့ပတ်သက်လာရင်တော့ ၂၄ နာရီ အပြည့်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ အကိုရာ။ ဆိုလိုချင်တာက သူတို့လည်း သူတို့အခက်အခဲတော့ ရှိကြမှာပေါ့။ အရင်ကြေညာလိုက်တဲ့အတိုင်းအတာကတော့ လုံးဝမဖြစ်နိုင်တဲ့အနေအထားတွေပါ။ တော်တော်များများ အခက်အခဲလေးတွေ ရှိကြတယ်။ အရင်ပေးနေကျပုံစံနဲ့ အခုပေးနေတဲ့ပုံစံမှာ အခုပေးမယ့်ပုံစံကို တော်တော်များများလေး သဘောကျကြမယ်ထင်ပါတယ်ခင်ဗျ။”
ရန်ကုန်မြို့ခံ သတင်းသမားတဦးပါ။
မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ အမြောက်အများထွက်ပြီး ကိုယ့်နိုင်ငံကထွက်တဲ့ ဓာတ်ငွေ့ကို သူများနိုင်ငံတွေက ဝယ်ယူပြီး တော့ သူတို့လူထုအတွက် လျှပ်စစ်မီး ထုတ်လုပ် ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အစစအရာရာ ရှားပါး ဈေးကြီးပြီး အထူးသဖြင့်ကတော့ လောင်စာတွေနဲ့ လျှပ်စစ်မီးဖြစ်ပါတယ်။ အဲဒီထဲမှာမှ လျှပ်စစ်မီး အလုံအလောက်မရတဲ့ ပြဿနာကတော့ လူထုကို ပိုပြီး တိုက်ရိုက်ထိခိုက်စေတဲ့ပြဿနာတရပ် ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG