သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Derek Mitchell သံအမတ်ဖြစ်လာနိုင်မှုအပေါ် HRW ထောက်ခံ


အမေရိကန်ရဲ့အထူးအာဏာကုန်လွဲှအပ်ခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်နဲ့ လက်ရှိ အမေရိကန်ဆိုင်ရာ မြန်မာနိုင်ငံအထူး ကိုယ်စားလှယ် ဒဲရက်၊ မစ်ချဲလ်ကို ခန့်အပ်ဖို့ အိမ်ဖြူတော်က အဆိုပြုထားတယ်လို့ အမေရိကန်အသိုင်းအဝိုင်းထဲမှာ သတင်းထွက်နေပါတယ်။ ဒီလိုသတင်းထွက်နေတဲ့အချိန်မှာပဲ တကယ်လို့ မစ္စတာ ဒဲရက်မစ်ချဲလ်သာ သံအမတ်ကြီးဖြစ်လာခဲ့မယ် ဆိုရင် အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရတို့ကြားမှာ သာမကဘဲ မြန်မာ့နိုင်ငံရေးအဖွဲ့တွေနဲ့လည်း ပိုပြီးတော့ ထိရောက်ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး ရလာနိုင်တယ်လို့ လူ့အခွင့်အရေးကိစ္စဆောင်ရွက်နေတဲ့ HRW အဖွဲ့က ပြောလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

အခုလို အိမ်ဖြူတော်နဲ့နီးစပ်တဲ့ အမေရိကန်သံတမန်တွေကြားမှာ မစ္စတာမစ်ချဲလ်ကို အမေရိကန် ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အဆိုပြုလိုက်ကြောင်း ပြောနေကြတာကို ခိုင်လုံတဲ့သတင်းရပ်ကွက် တစ်ခုဖြစ်တဲ့ Foreign Policy မဂ္ဂဇင်းရဲ့ အင်တာနက်စာမျက်နှာ ပေါ်မှာ ကြာသာပတေးနေ့က ဖော်ပြလိုက် တာပါ။ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အဖြစ် ဧပြီလမှာ အခန့်မခံရခင် ကာကွယ်ရေး ဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ အာရှရေးရာ ကျွမ်းကျင်သူ ဒဲရက် မစ်ချဲလ်ကို ခန့်အပ်ဖို့ အဆိုပြုတယ်လို့ ဖြစ်လာတဲ့သတင်းဟာ ကောင်းမွန်တဲ့သတင်းဖြစ်တယ်လို့ Human Rights Watch လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဝါရှင်တန်ဆိုင်ရာ ဒါရိုက်တာ Tom Malinowski က ဆိုလိုက်ပါတယ်။

“ဒဲရက်အနေနဲ့ အခုလို အဆိုပြုခံရကောင်း ခံရနိုင်တယ်လို့ကြားရလို့ ကျနော်အရမ်းဝမ်းသာပါတယ်။ ကျနော် ထင်ပါတယ်။သူ့ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန လက်ရှိတာဝန်မှာ သူက ထူးထူး ချွန်ချွန် ပြောင်ပြောင် မြောက်မြောက်တာဝန်ထမ်းဆောင်တဲ့သူပါ။ သူ့အနေနဲ့ မြန်မာပြည် အကြောင်းကို ကောင်းကောင်း သိထားပြီးတော့ မြန်မာပြည်အပေါ်မှာလည်း အများကြီးကို ဂရုစိုက်၊ အလေးထားပါတယ်။ သူက ချင့်ချိန် ဆုံးဖြတ်နိုင်စွမ်း တကယ့်ကို ကောင်းမွန်ပြီးတော့ မြန်မာအစိုးရနဲ့ရော NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပါ အရမ်းကို ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ပါတယ်။”

သံအမတ်ကြီးအဆင့် မြန်မာနိုင်ငံမှာ တိုးမြှင့်ပေးဖို့ကိုတော့ ပြီးခဲ့တဲ့ဇန်နဝါရီလက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာ အပြီးမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြေညာခဲ့တာပါ။ Foreign Policy အင်တာနက်စာမျက်နှာပေါ်မှာ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က အခုလောလော ဆယ်တော့ အခုလို ဘယ်သူ့ကို ခန့်မယ်ဆိုတာကို မြန်မာအစိုးရနဲ့အသိပေး ညှိနှိုင်းနေရတဲ့အဆင့်မှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ညှိနှိုင်းတာက ထုံးစံအရသာ လုပ်ရတာဖြစ်ပြီး မြန်မာအစိုးရဘက်ကလည်း ဒဲရက် မစ်ချဲလ်ကိုဆိုရင် လက်ခံဖို့များတယ်လို့ Tom Malinowski က သုံးသပ်ပြလိုက်ပြီး အခုလို အကြောင်းပြချက်ပေးပါတယ်။

“ဒဲရက် အနေနဲ့က မြန်မာအစိုးရနဲ့ဆက်ဆံလာတာ လပေါင်းများစွာ ချီလာပါပြီ။ သူတို့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက် ထားနိုင်ပါပြီ။ ဒါ့အပြင် ဒဲရက်ဟာ အမေရိကန်အစိုးရထဲမှာ အလန်အဆင့်မြင့်တဲ့ အရာရှိတစ်ဦးဖြစ်တယ်ဆိုတာ မြန်မာအစိုးရဘက်က သိပါတယ်။ ပြီးတော့ အခုလို သံတမန်ခန့်ဖို့ ဖြစ်လာတာက အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုကို နောက်ထပ် တိုးမြှင့်လုပ်ဆောင်သွားမယ်ဆိုတာ ပြလိုက်တာဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံရေးစံနစ်အရ အခုလို အဆိုပြုထားတဲ့အပေါ် လွှတ်တော်ဘက်က အတည်ပြုပေးတာ ကို စောင့်ရအုံးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း မစ္စတာ Malinowski က ဒိအတွက် သူစိတ်မပူဘူး၊ ဘာ့ကြောင့်လဲဆိုတော့ လွှတ်တော်ဘက်ကလည်း ဒဲရက်မစ်ချဲလ် လုပ်နေတာတွေကို အသိအမှတ်ပြု ထောက်ခံထားပြီးသားမို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မစ္စတာ မာလ်လဲန်နိုးစကီးကပဲ လက်ရှိမြန်မာအထူးကိုယ်စားလှယ်တာဝန်ကို ဝါရှင်တန်ကနေ ထမ်းဆောင်တာနဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ထဲမှာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမယ့် ဒီတာဝန်နှစ်ခုလုံးက အရေးကြီးပေမယ့် မြန်မာနိုင်ငံ ထဲမှာ ထိုင်ပြီးသွားလုပ်ရမယ့်တာဝန်က နောက်ပိုင်းမှာ ပိုအရေးပါလာလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီတော့ ဘာ့ကြောင့်အခုလို ပြောနိုင်တာပါလဲလို့ မေးကြည့်ရာ မှာတော့ မစ္စတာ မာလ်လဲန်နိုးစကီးကပဲ အရင် အမေရိကန်အစိုးရကို နားမထောင်ချင်ခဲ့တဲ့ မြန်မာ အစိုးရဟာ အခုတော့ နားထောင်ချင်လာတာအပြင် အခြားအချက်တွေလည်းရှိတယ်လို့ အခုလို ဆက် ရှင်းပြပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဟီလာရီကလင်တန်ကို နားပေါက်အောင်ပြောနိုင်မယ့်သူ၊ နောက် သမ္မတ အိုဘားမားအစိုးရအပေါ်မှာ သြဇာ သက်ရောက်မှုကြီးမားတဲ့သူတစ်ဦး ရန်ကုန်မှာ ရှိလာမှာဖြစ်ပါတယ်။ အခုဖြစ်လာတာက မြန်မာနိုင်ငံအတွက်လည်း ကောင်းပါတယ်။ NLD အတွက်လည်းကောင်းပါလိမ့်မယ်။”

ဒါ့အပြင် သံအမတ်ကြီး မစ်ချဲလ်အနေနဲ့ မြန်မာနိုင်ငံထဲက လူထုအဖွဲ့အစည်းတွေနဲ့ ပိုတွေ့ပြီး မြန်မာနိုင်ငံ တဝှမ်းကိုလည်း ခရီးသွားပြီး မြန်မာ နိုင်ငံတခုလုံးမှာ ဖြစ်နေတဲ့ တိုးတက်မှုအခြေအနေတွေ စစ်မှန်မှုရှိမရှိကို လာမယ့် သုံးနှစ်အတွင်းမှာ အနီးကပ်လေ့လာ စောင့်ကြည့်သွား နိုင်မှာဖြစ်တယ်လို့ မစ္စတာ မာလဲန်နိုး စကီးက ဆက်ပြောပါတယ်။ တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အင်အားကြီးမားလာမှုကို ထိန်းကျောင်းပေးနိုင်ဖို့ အာရှ-ပစိဖိတ်ဒေသမှာ အာရုံပြန်စိုက်ဖို့ ပြင်ဆင်လာချိန်မှာ မြန်မာနိုင်ငံဘက်က လည်း တရုတ်လွှမ်းမိုးမှုကို လျှော့ချပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်ကာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းချိန်မှာ အခုလို အမေရိကန်-မြန်မာ ပုံမှန် သံတမန် ဆက်ဆံရေးအတွက် သံအမတ်ကြီးအဆင့်ပြန်ခန့်အပ်ဖို့ ဖြစ်လာတာဖြစ်ပါတယ်။

XS
SM
MD
LG