သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ပို့စ် ဒီပဲယင်းသတင်းမမှန်ဟု ရဲမှူးကြီးငြင်း


ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ပတ်သက်လို့ ဖော်ပြတဲ့အချက်တွေဟာ မမှန်ကန်ဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းက VOA မြန်မာပိုင်းကို ပြောပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း ပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်က သူ ကယ်ခဲ့တယ်လို့ ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပေမယ့် ဘယ်ပြည်ပ သတင်းဌာနကိုမှ အင်တာဗျူး မပေးခဲ့ဘူးလို့လည်း ရှင်းပြပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

၂၀၀၃ မေလ ၃၀ ဒီပဲယင်း ရိုက်နှက်မှုကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကို သူကယ်ခဲ့တယ် လို့ အရင် စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း တဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ပြောတယ် ဆိုပြီး ဘန်ကောက်ပ့ိုစ် သတင်းစာမှာ ဖော်ပြတာနဲ့ပတ်သက်လို့ ရန်ကုန်က ပြည်ထဲရေး ဌာနမှာ သတင်းစာရှင်းလင်းပွဲလုပ်တာပါ။

အဓိကတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ ပြည်တွင်း သတင်းမီဒီယာကလွဲရင် ဘယ်ပြည်ပ သတင်း မီဒီယာကိုမှ အင်တာဗျူးမပေးဘူး၊ ဒါ့ကြောင့် ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြချက် တွေဟာ မမှန်ဘူးဆိုတာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရဲမှူးကြီး ဝင်းနိုင်ထွန်းက သတင်းသမားတွေကို ခေါ်ယူ ရှင်းပြခဲ့တာဖြစ်တယ်လို့ VOA မြန်မာပိုင်းကိုပြောပါတယ်။ ဒီသတင်းထွက်လာပြီးတဲ့နောက် ဧပြီလ ၉ ရက်နေ့က ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို သတင်းမှန်မမှန် သူကိုယ်တိုင်မေးမြန်းပြီး ဒီကနေ့ ပြန် ရှင်းပြတာ ဖြစ်တယ်လို့ ပြောပါတယ်။

“အဓိက ကတော့ အဲဒီ ဘန်ကောက်ပို့စ်မှာ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပြောမပြောနဲ့ ဘန်ကောက်ပို့စ်မှာ high light လုပ်ထားတဲ့ ဒီပဲယင်း အချက်အလက်တွေဟာ သူပြောတာ ဟုတ်မဟုတ်ဆိုတာကို ကျနော်တို့က တာဝန်အရ သူ့ကို မေးမြန်းမှုလုပ်ခဲ့ပါတယ်။ အဲဒီဟာနဲ့ပတ်သက်တာကိုပဲ ကျနော်တို့က message ပေးတာပါပဲခင်ဗျ။ သူကတော့ နေအိမ်အကျယ်ချုပ်က လွတ်ပြီးတဲ့အချိန်က စပြီးတော့ ပြည်ပ မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံခြင်း မရှိဘူးဆိုတာကို အတိအလင်း ပြောပါတယ်။ နောက် တချက်က ပြည်တွင်းက မီဒီယာတွေနဲ့ပဲ ထိတွေ့ပြောဆိုတာ ရှိခဲ့တယ် ဆိုတာ ပြောပါတယ်။ နောက်တချက်က အခု ဘန်ကောက်ပို့စ်မှာ ပါတဲ့ဟာတွေဟာ မဟုတ်မမှန်ဘူးဆိုတဲ့ အကြောင်းကို သူရှင်းပြတာပါ။”

ဟုတ်ကဲ့၊ ဒီလို သတင်းမှားတဲ့အတွက်ဆိုပြီး သက်ဆိုင်ရာ ဘန်ကောက်ပို့စ် သတင်းစာဆီကို တခုခု ဖြေရှင်းချက် ထုတ်ပေးဖို့ဆိုပြီး ရဲမှူးကြီးတို့ဘက်က တောင်းတာ၊ ပြောထားတာများရှိပါလား။

“အဲဒါကတော့ ပြန်ကြားရေးဘက်က အပိုင်းဖြစ်မယ်ထင်တယ်။ ကျနော်တို့ကတော့ ဒီကိစ္စကိုပဲ သွားရောက်ပြီးတော့ မေးမြန်းတာပဲ ရှိပါတယ်။”

ရဲမှူးကြီးတို့ဘက်က ဘာကြောင့် ခေါ်ရှင်းပြတာပါလဲရှင့်။ အခြေအနေ တခုခုရှုပ်ထွေးလာမှာ စိုးလို့ ကြားက ဝင်ရှင်းပေးတဲ့ သဘောလားရှင့်၊ အဓိက က ဘာကြောင့်ပါလဲ။

“သူ မပြောဘူးဆိုတဲ့ အချက်အလက်တွေကလည်း အခိုင်အမာ သိရှိထားတဲ့အတွက် ဒါတွေကိုလည်း သိရှိအောင် မီဒီယာကို အသိပေးတာပါ။ အဓိကကတော့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်အနေနဲ့ ဘန်ကောက်ပို့စ်မှာ ပါတဲ့ သတင်းအချက်အလက်ဟာ ဟုတ်မဟုတ်၊ မှန်မမှန်ကိုပဲ သူ့ကို အတည်ပြု မေးမြန်းတာပဲ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းကို ဆက်သွယ်မေးမြန်းခဲ့တာပါရှင်။ ကာယကံရှင်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကတော့ ဧပြီလ ၉ ရက်နေ့က ရဟန်းခံ ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျည်ရွာအနီးမှာသေဆုံးမှုတွေအထိ ဖြစ်ခဲ့ဲတဲ့ ရိုက်နှက်မှုကြီး ဟာ အခုဆိုရင် ၉ နှစ်နီးပါးရှိခဲ့ပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်နဲ့ အင်တာဗျူးမှာ ဖော်ပြအပြီး အတော်များများ ပြန်ပြီး စိတ်ဝင်တစား ပြောဆိုနေတဲ့ သတင်းတခုဖြစ်နေပါတယ်။

ဒါပေမယ့် အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုရော အဖွဲ့တွေကိုပါ မလွတ်အောင် ဝိုင်းပိတ်ရိုက်ခဲ့ တာဖြစ်ပြီး ကံကောင်းထောက်မလို့သာ ဒေါ်အောင်ဆန်းစုကြည်အသက်ဘေးက လွတ်ခဲ့တာလို့ လည်းကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ ဘယ်သူ့မှာအပြစ်ရှိတယ်၊ ဘယ်သူ့ကိုအရေးယူပေးဖို့ လိုတယ်လို့ မဟုတ်ပေမယ့် နိုင်ငံမှာ နောက်နောင် ဒါမျိုးတွေ မဖြစ်ရအောင် စုံစမ်းစစ်ဆေးရေးအဖွဲ့ တခုဖွဲ့ကာ အဖြစ်မှန်ဖော်ထုတ်ဖို့ကို ဒေါ်အောင်ဆန်းစုကြည်ရော ဒီပဲယင်းမှာ ကြုံခဲ့ရသူတွေကပါ နိုင်ငံတာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။

XS
SM
MD
LG