သုံးရလွယ်ကူစေသည့် Link များ

ဒေါ်စု မိခင်ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလှူ ကော့မှူးမှာ မဲဖောက်


ဧပြီလ ၁၆ ရက်နေ့ကမှ ထူထောင်လိုက်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဒီကနေ့မှာတော့ ကော့မှူး မြို့နယ် မှာ ဒေသဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေကို မဲဖောက် လှူဒါန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ပြီးတော့ မြန်မာ့ ရိုးရာနှစ်သစ်ကူး အခမ်းအနားတခုနဲ့အတူ ရန်ပုံငွေတွေ မဲဖောက်ပေး ခဲ့တာပါ။ ရန်ပုံငွေ မဲပေါက်တဲ့ ကျေးရွာတွေအနေနဲ့ သူတို့ရွာရဲ့ လိုအပ်ချက်ကို ကိုယ့်ဘာသာ စုစည်းတိုင်ပင်ပြီး ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ကြရမှာဖြစ်တယ်လို့ ခရီးစဉ်မှာ ပါဝင်သွားတဲ့ NLD တာဝန်ရှိသူ တဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုကျော်ကျော်သိန်း က သတင်း ပေးပို့ထားပါတယ်။

ကွယ်လွန်သူ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကမကထ ပြုပြီးတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာဖြစ်ပြီး ဖောင်ဒေးရှင်းရဲ့ ပထမဆုံး အလှူဒါနကို မြန်မာနှစ်ဆန်း တရက်နေ့ ကော့မှူးမြို့နယ် မှာ သွားလုပ်ခဲ့တာပါ။ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေလည်း လိုက်ပါသွားခဲ့ပြီး လူထုကို ဖျော်ဖြေခဲ့ကြပါတယ်။

အခမ်းအနားအဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။

- အနုပညာရှင်များ ကျမတို့ရဲ့ လုပ်ငန်းမှာ ပါဝင်လာတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်ကောင်း တဲ့ လက္ခဏာ ဖြစ်ပါတယ်။ အနုပညာရှင်ဆိုတာဟာ ရိုးရိုးစကားနဲ့ အဓိပ္ပါယ်ဖော်ရမယ်ဆိုရင် အနုအယဉ် အလှကို ဖော်ဆောင်ပေးတဲ့ သူတွေ ဖြစ်ပါတယ်။

ဒီကနေ့လုပ်ခဲ့တဲ့အစီအစဉ်အသေးစိတ်၊ နှစ်သစ်ကူးအခမ်းအနား နဲ့ ရန်ပုံငွေ မဲဖောက်ပေးခဲ့တဲ့ အကြောင်းတွေ ကို ဒေါ်အောင်ဆန်း စုကြည် ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗွီအိုအေကို ရှင်းပြ ပါတယ်။

- ကော့မှူးကို မနက်က ရောက်ရောက်ချင်းမှာတော့ ဘုန်းကြီးကျောင်း သွားတယ်၊ ဘုန်းကြီးကို သက်န်းကပ်ပါတယ်၊ ငါးပါးသီလ ခံပါတယ်။ နောက် ဘုန်းကြီးကျောင်းနဲ့ ကပ်လျက် လယ်ကွင်းထဲမှာ ထိုးထားတဲ့ စင်၊ အရင် မဲဆွယ်စည်းရုံးစဉ်ကာလတုန်းက ထိုးထားတဲ့ ကွင်းပါပဲ၊ နေရာတော့ မတူ ဘူးပေါ့။ ပြီးတော့ အခမ်းအနားဖွင့်ပြီး ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောပါတယ်။ သွားတဲ့ ရည်ရွယ်ချက်လေး ပြောပြတယ်။ အဆိုတော်တွေ ရုပ်ရှင်မင်းသား မင်းသမီးတွေ ပါပါတယ်။ သူတို့က သီချင်းဆိုပြီးတော့ နှစ်သစ်ကို ကြိုတယ်ပေါ့ဗျာ။ အဲဒါပြီးတော့ မဲနှိုက်တဲ့ အစီစဉ်ပေါ့။ မဲနှိုက်နေတုန်းမှာ အဆိုတော်တွေက ဖျော်ဖြေတယ်။ ပြီးတော့ ကြေညာတယ်။ အဆိုတော်တွေက ဆက်ဖျော်ဖြေ တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပါ စင်ပေါ်တက် နှုတ်ဆက်ပြီးတော့ အခမ်းအနား ပိတ်လိုက်ပါ တယ်။

ပထမဆုက ကျပ် ၁၇၅ သိန်း၊ ဒုတိယဆုက ကျပ် ၇၅ သိန်းနဲ့ တတိယဆုက ကျပ်သိန်း ၅၀ အသီးသီး သတ်မှတ်ထားတဲ့ ရန်ပုံငွေ အလှူ မဲဖောက်ရာမှာတော့ ကော့မှူးမြိ့နယ်၊ ဝါးဘလောက်သောက်ကျေးရွာ အုပ်စုထဲက သမာမတ်ကျေးရွာက ပထမဆုမဲကို ပေါက်သွားတဲ့အကြောင်း ဦးခွန်သာမြင့်က ဆက်ပြော ပါတယ်။

- ပထမဆုံးဖောက်တဲ့ တတိယဆုက ပုပ္ပါးကျေးရွာအုပ်စု၊ အဲဒီကျေးရွာအုပ်စုမှာလည်း ပုပ္ပါးက တရွာ တည်း ရှိပါတယ်။ ပုပ္ပါးရွာ ရတယ်။ ဒုတိယကတော့ စရိုင်မွတ်၊ စရိုင်မွတ်ကလည်း တရွာတည်းရှိတယ်။ ဒုတိယဆုရတယ်။ နောက်ဆုံး ပထမဆုကိုတော့ ဝါးဘလောက်သောက်ကျေးရွာအုပ်စုပေါက်ပါတယ်။ အဲဒီထဲကမှ သမာမတ်ဆိုတဲ့ ရွာ။ အဲဒီရွာက ပထမဆု ရသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁ ရက်နေ့က ကျင်းပ ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ပြီး ရွေးကောက် တင်မြှောက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကော့မှူးမြို့နယ်က မဲဆန္ဒရှင်တချို့နဲ့ ဗွီအိုအေက တွေ့ဆုံမေးမြန်း ခဲ့တာမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ပေးနိုင်မယ် လို့ မျှော်လင့် ထားတဲ့ မဲဆန္ဒရှင်မျိုးကိုလည်း တွေ့ခဲ့ရဖူးပါ တယ်။ အခုလို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအလှူ မဲဖောက်ပေးပြီးတော့ ဆုမဲပေါက်တဲ့ ရွာတွေက ရွာသားတွေကိုယ်တိုင် ဘာလုပ်မယ် ဆိုတာကို ရွေးချယ် ဆုံးဖြတ်ကြရမှာပါလို့ ဦးခွန်သာမြင့်က ပြောပါတယ်။

- ခုဟာက ရွာသားတွေကို သူတို့ကိုယ်ပိုင် သူတို့ ဆုံးဖြတ်ချက် ပြဋ္ဌာန်းချက်အတိုင်း လုပ်ဖို့ လေ့ကျင့်ပေးတဲ့ သဘော၊ ကျနော်တို့က မြင်ချင်တာပေမဲ့ သူတို့လိုတာ ဖြစ်ချင်မှ ဖြစ်နေမှာပေါ့၊ အဲတော့ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။ ဒေသခံ NLD က ကိုယ်စားလှယ်တယောက်တော့ ပါမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်ပါ။

ဖောင်ဒေးရှင်းတခုကို နာမည်နဲ့တကွ ထူထောင်ပြီး ဂုဏ်ပြုခံရတဲ့ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဟာ မြန်မာ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးဖြစ်သလို ပထမဆုံး အမျိုးသမီးသံအမတ်ကြီး လည်း ဖြစ်ခဲ့သူပါ။ အသက် ၇၇ နှစ်အရွယ်၊ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ လေဖြတ်တဲ့ဝေဒနာ ကို ဒုတိယအကြိမ် ခံစားရပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ဗြိတိန်နိုင်ငံမှာ မိသားစုနဲ့ အတူ နေထိုင်နေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုဖို့ မြန်မာနိုင်ငံ ဆီ ပြန်လာပြီးတဲ့နောက် ၈ လေးလုံး လူထုလှုပ်ရှားမှုကြီးနဲ့ ကြုံတွေ့ရပြီး မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တာပါ။

XS
SM
MD
LG