သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အာင်ဆန်းစုကြည် နော်ဝေးနဲ့ ဗြိတိန်ကို ဇွန်လအတွင်းသွားမည်


မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာပြည်ပ ခရီးစဉ်ထွက်ဖို့ စီစဉ်ထားပါတယ်။ ငြိမ်းချမ်းရေးနိုဘဲလ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လထဲ နော်ဝေးနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အတည်ပြုပါတယ်။ ဒါနဲ့ပတ်သက်လို့ VOA ဘန်ကောက်ရုံးကနေ Danielle Bernstein က သတင်းရေးသားပေးပို့ထားပါတယ်။ ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်မှာရှိတဲ့ သူ့နေအိမ်ကနေ နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ရှိရာရန်ကုန်မြို့ကို ၁၉၈၈ ခုနှစ် လာရောက်ပြီးကတည်းက မြန်မာပြည်ကနေ ပြန်မထွက်ဖြစ်တော့တာပါ။ ဒီနောက်ပိုင်း ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအတွင်းကနေ လူထုခေါင်းဆောင်ဖြစ်လာပြီး ဒီမိုကရေစီပြယုဒ် အဖြစ်နဲ့ ကမ္ဘာကျော်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက သူဟာ ပြည်ပမထွက်တော့ဘဲ မြန်မာပြည်ထဲမှာပဲ နေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ အင်္ဂလန်မှာ ကင်ဆာရောဂါ ခံစားနေရချိန်မှာတောင် ပြည်ပ မထွက်ဖြစ်ခဲ့ပါဘူး။ ပြည်ပ ထွက်သွားပြီး တဲ့နောက် မြန်မာစစ်အာဏာပိုင်တွေဘက်က သူမကို ပြန်ပြီး ပြည်ဝင်ခွင့်မပေးမှာ စိုးရိမ်ခဲ့တာကြောင့်ပါ။

မကြာခင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရပြီးတဲ့ နောက်ပိုင်း ပြည်ပခရီးထွက်ဖို့ အစီအစဉ်ဖြစ်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင် ဇွန်လထဲ နော်ဝေးနိုင်ငံထဲကို လာရောက်ဖို့ အစီအစဉ်ရှိတယ် လို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Svein Michelsen က ပြောပါတယ်။

“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြော ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် နော်ဝေးကို အလည်အပတ် လာနိုင်ဖို့ ဆွေးနွေးခဲ့တယ်ဆိုတာကို အတည်ပြုပေးနိုင်ပါတယ်။ လာမယ့် ဇွန်လထဲ ဒေါ်အောင်ဆန်းစုကြည်ကို နော်ဝေးမှာဧည့်ခံဖို့ ကျနော်တို့ အခု စီစဉ်နေပါတယ်။ သူ နော်ဝေး အလည်အပတ်လာဖို့ ကျနော်တို့ အများကြီး မျှော်လင့်ထားတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်ကိုလည်း သွားရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ကွယ်လွန်သူ ခင်ပွန်းသည် Michael Aris တွေ့ဆုံခဲ့တဲ့ အင်္ဂလန်မှာ လက်ရှိတော့ သူရဲ့ သားနှစ်ဦး နေထိုင်နေပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ရန်ကုန်ကို လာရောက်သွားတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်နဲ့လည်း အင်္ဂလန် သွားမယ့် ခရီးစဉ်ကို ဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း ဒီသတင်းကို ဗွီအိုအေကို အတည်ပြုပါတယ်။

“ဒေါ်စုကပြောပါတယ်၊ ဇွန်လထဲမှာ နိုင်ငံခြားခရီးသွားဖို့ စီစဉ်ထားတယ်၊ နော်ဝေးကို သွားဖြစ်မယ်၊ UK ကို သွားဖြစ်မယ်။ အဲဒီလို ပြောပါတယ်။ အသေးစိတ်ကိုတော့ ကျနော်မသိဘူး။ ဒါပေမယ့် ဒေါ်စုပြောတဲ့ ထဲမှာ အောက်စ်ဖို့မှာ နှစ်စဉ်ကျင်းပနေတဲ့ အစည်းအဝေး၊ အဲဒီအစည်းအဝေးတက်ဖို့ အစီအစဉ်ရှိတယ် လို့တော့ ပြောတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ခံနေရချိန် ၁၉၉၁ ခုနှစ်မှာ နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရပါတယ်။ နိုင်ငံတကာဆုကို လက်ခံယူဖို့ အာဏာပိုင်တွေက တားမြစ်တာမျိုး မရှိပေမယ့် ပြည်ပ သွားပြီးရင် မြန်မာပြည် ပြန်ဝင်ခွင့် မရမှာ စိုးတာကြောင့် ပြည်ပက သူ့ကို ပေးတဲ့ဆုတွေကို ကိုယ်တိုင် သွားရောက် မယူနိုင်ခဲ့ပါဘူး။ ဒီလိုအခြေအနေကြောင့် အစဉ်အလာလိုဖြစ်တဲ့ နော်ဗယ်ဆုရှင်ရဲ့မိန့်ခွန်း စကားကို ဒေါ်အောင်ဆန်းစုကြည် မပြောနိုင်ခဲ့တာ အခုအချိန်အထိပါပဲလို့ Nobel Institute က Sigrid Langebrekke က ပြောပါတယ်။

“အခုဇွန်လ ၂၅ ရက်နေ့ သီတင်းပတ်မှာဖြစ်မယ်လို့ ကျမတို့ ပြောနေကြတာပါပဲ။ ဒါပေမယ့် ဘယ်ရက် အတိအကျဖြစ်မယ်ဆိုတာနဲ့ သူဘက်က အတည်ပြုချက် မရသေးပါဘူး။ သူ့ကို အကြိမ်ပေါင်းများစွာ ကျမတို့ ဖိတ်ကြားခဲ့ပါတယ်။ ပြည်ပထွက်လာဖြစ်ရင် နော်ဝေးနိုင်ငံကို ပထမဆုံးလာဖြစ်မယ်လို့ သူဘက်က အဖြေပဲ ရပါတယ်။ အခုတော့ နော်ဝေးကို သူ လာပါတော့မယ်။ နိုဗယ်ဆုရှင် မိန့်ခွန်းစကား ကြားရတော့မှာပါ။”

အခုလာမယ့် ဧပြီ ၂၃ ရက်မှာ ပြည်သူ့လွှွတ်တော်ခေါ်ယူမှာမို့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်ဖို့ ရှိပါတယ်။ ဒါဆိုရင်တော့ စစ်တပ်ကိုယ်စားလှယ်နဲ့ စစ်တပ်က နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အများစုပါဝင်တဲ့ လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီဖြစ်လာဖို့ ရှိပါတယ်။

XS
SM
MD
LG