သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးပြေလည်ရင် အာရှထိပ်တန်းဖြစ်နိုင်


NLD ပါတီ လွှတ်တော်မတက်နိုင်တဲ့ အခြေအနေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ကုလ၊ မြန်မာ ဆိုင်ရာ အထူးအကြံပေး ဘီဂျေ၊ နမ်ဘီးယားက ပြောပါတယ်။

ကျမ်းသစ္စာကျိန်ဆိုရမယ့် စကားအသုံးအနှုန်းအပေါ် အချေအတင် ဖြစ်နေရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်တွေ လွှတ်တော်မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် အာရှမှာ ထိပ်တန်းနိုင်ငံတခု အထိတောင် ဖြစ်လာနိုင်တယ်လို့လည်း အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအရ ကွဲလွဲမှုတွေ ရှိနေပေမဲ့ နောက်ဆုံးမှာ ပြေလည်မှု ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီလဆန်းမှာ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲတွေမှာ အနိုင်ရခဲ့ပေမဲ့ ကျမ်းသစ္စာ ကျိန်ဆိုရာမှာ သုံးနှုန်းတဲ့ စကားလုံးအပေါ် သဘောကွဲလွဲရာက လွှတ်တော် မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေကို နှစ်ဘက်အကြား ညှိနှိုင်းပြေလည်မှု ရစေ ဖို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေတဲ့အထဲ အခုနောက်ဆုံး အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ အစိုးရနဲ့ NLD ကြား ကွဲလွဲမှုတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း AP သတင်းဌာနနဲ့ သီးခြားတွေ့ဆုံ မေးမြန်းရာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

“ဒီကိစ္စကို ပြေလည်အောင် နှစ်ဘက်စလုံးက ဖြေရှင်းနိုင်တဲ့ ဉာဏ်အမြော်အမြင်ရှိမယ်ဆိုတာ ကျနော် သေချာပေါက် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ အနေနဲ့ အောင်မြင်မှုတွေ ရနိုင်ဖို့ အတွက် ရွေးကောက်ပွဲ အဆင့်အထိ ရောက်လာတဲ့ တကယ့် ခြေလှမ်းတွေကို လှမ်းခဲ့ကြတာတွေကို ကျနော်ဖြင့် တွေးတောင် မတွေးမိပါဘူး။”

မြန်မာနိုင်ငံကို သီတင်းပတ်ကုန် သွားမယ့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ သဘောထား မတူတာတွေကို ညှိနှိုင်းဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုထားတာဖြစ်သလို အမေရိကန် ပြည်ထောင်စုကလည်း အခြေအနေကို ဆွေးနွေးအဖြေရှာနိုင်ဖို့ လိုလားတဲ့ အကြောင်း ပြောဆိုထားတာပါ။ တနင်္လာနေ့တုန်းက လွှတ်တော် အခမ်းအနားတွေ ပြန်လည် စတင်ရာမှာတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ NLD ကိုယ်စားလှယ်တွေ မပါဘဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုရာမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် လို့ ပြောင်းလဲဖို့ NLD ပါတီက လိုလားနေတာ ဖြစ်ပေမဲ့ ဒါဟာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်နေတာမို့ လွှတ်တော်တွင်း ဆွေးနွေးမှ သာ ဖြစ်နိုင်စရာရှိတယ်လို့ အာဏာရ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြောဆိုထားပါတယ်။ ကျမ်းသစ္စာကျိန်ဆိုရမယ့် ကိုယ်စားလှယ်တွေထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စ ပြေလည်စေဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းနိုင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း သူ့ကိုပြောပြတယ်လို့ အထူးအကြံပေးပုဂ္ဂိုလ် နမ်ဗီယား ကပြောပါတယ်။

“လက်ရှိ အခြေအနေသစ်နဲ့ ပတ်သက်လို့ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ ဆိုတာကို ကျနော် သူ့ကို မေးကြည့်ပါတယ်။ သူပြောတာကတော့ အာဏာရပါတီ၊ စစ်တပ်တို့နဲ့ ဆက်သွယ်မယ်လို့ ပြောပါတယ်။ လွှတ်တော်ထဲမှာ ရောက်နေကြတဲ့ စစ်တပ်ထဲက ပုဂ္ဂိုလ်တွေအပါအဝင် လူအတော်များများဟာ သူ့ရဲ့နိုင်ငံရေးအမြင်နဲ့ သဘောထားတွေကို တကယ်တမ်း လက်ခံတုံ့ပြန်လိုတယ်လို့ သူ့အနေနဲ့ ခံစားမိတဲ့ အကြောင်းလည်း ပြောပါတယ်။”

သမ္မတဦးသိန်းစိန်ကတော့ မြန်မာလူထုအတွက် အကျိုးရှိမယ်ဆိုရင် ပြင်ဆင်ဖို့ မဖြစ်နိုင်စရာမရှိတဲ့ အကြောင်း ဂျပန်နိုင်ငံမှာ အလည်အပတ်ရောက်နေစဉ် တနင်္လာနေ့က ပြောခဲ့တာပါ။ ကျမ်းသစ္စာကျိန်ဆိုဖို့ အငြင်းပွားစရာ ဖြစ်နေရတဲ့ကိစ္စကို မနက်ဖြန် ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပွဲတွေ အတွင်း ဆွေးနွေးနိုင်ဖို့ မျှော်လင့််ရကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ကွဲလွဲမှုတွေကို ပြေလည်အောင် ဖြေရှင်းပြီး နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်၊ တိုင်းပြည် ထူထောင်ရေးအတွက် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအောင်မြင်ပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံဟာ ရှေ့တန်းရောက်လာနိုင်စရာ ရှိတယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်က ပြောဆိုလိုက်တာပါ။

“အိမ်နီးချင်းတိုင်းပြည်တွေက အတွေ့အကြုံတွေကနေ သင်ခန်းစာယူဖို့ မြန်မာနိုင်ငံအတွက်တော့ အခွင့် အလမ်းကောင်းတခုပါ၊ ကျွမ်းကျင်မှု အတွေ့အကြုံရှိတဲ့ ပြည်ပရောက်တချို့ကိုလည်း ပြန် လက်ခံပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပါနေကြပြီလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့လည်း လစ်ဟာမှုတွေ အများအပြား ရှိနေတာပါ၊ စွမ်းဆောင်ရည်ရှိတဲ့ လူသားအရင်းအမြစ်တွေ အကြီးအကျယ် အားနည်းနေတဲ့အတွက် ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေပြီး ဒါတွေကိုသာ ဖြည့်ဆည်းနိုင်မယ် ဆိုရင် မြန်မာနိုင်ငံဟာ အာရှမှာ ကျားတကောင် အဖြစ်နဲ့ ခေါင်းထောင်ထလာနိုင်စရာ အခြေခံတွေ ခိုင်ခိုင်မာမာ ရှိတယ်လို့ ကျနော်ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တာလို နိုင်ငံရေး အပြောင်းအလဲတွေရှိခဲ့ တဲ့နောက်မှာတော့ အမေရိကန်၊ ဥရောပ သမဂ္ဂ (EU) သြစတြေးလျ၊ ကနေဒါ စတဲ့ နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေ့ါတာ၊ ဖယ်ရှားတာတွေ လုပ်ခဲ့ကြတာပါ။ ဒီအတွက် ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေနဲ့ အတူ မြန်မာ့စီးပွားရေးမှာလည်း တိုးတက်မှု အလားအလာတွေ ရှိလာနိုင်တယ် လို့ မျှော်လင့်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG