သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွှတ်တော်တက်မှု အမေရိကန်ကြိုဆို


မြန်မာနိုင်ငံ နေပြည်တော်မှာ ဒီနေ့ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေကို ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ် ပါတယ်။ NLD ဘက်က လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်စာသား ပြင်ဆင်ရေး လိုလားပေမယ့် နိုင်ငံရေးအရ တင်းမာမှု ထပ်ဖြစ်လာမှာစိုးလို့ အလျှော့ပေးလိုက်တာ ဖြစ်တယ်လို့ အဖွဲ့ချုပ် ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ အဖွဲ့ချုပ်ရဲ့ အနိုင်ရ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဝင်ရောက်ပြီး အစိုးရပိုင်းနဲ့ လက်တွဲဆောင်ရွက်တာကို မြင်လိုတယ် လို့ ပြောသွားပါတယ်။ ဒီ တုံ့ပြန်ချက်နဲ့ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီလို ဆုံးဖြတ်ချက်ကြောင့်၊ NLD ရဲ့ သဘောထား ပျော့ပျောင်းမှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ချီးကျူးခဲ့ပါတယ်။ ခေါင်းဆောင်တွေ ဟာ တိုင်းပြည်နဲ့လူထု အကျိုးအတွက် အလျှော့အတင်း လုပ်ရစမြဲ ဖြစ်တယ် လို့လည်း ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အနိုင်ရတဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ဝင်ရောက်တာကို ကြိုဆိုပါတယ်။ အခြေအနေတွေကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mark Toner က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ကျနော်တို့ဘက်က အယူအဆကတော့ ဒီရွေးချယ်ခံ ကိုယ်စားလှယ်သစ်တွေ လွှတ်တော်မှာ နေရာယူနေရတာ ကို မြင်တွေ့လိုပါတယ်။ အပြုသဘောဆောင်ပြီး အစိုးရနဲ့ အတူတွဲလုပ်သွားတာကို မြင်လိုပါတယ်။ ကျနော်တို့ အနေနဲ့က မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှု တိုးတက်လာတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့် သွားမှာပါ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ၊ လုပ်ရပ်တခုချင်း အပေါ်မှာ လုပ်ရပ်တခုနဲ့ တုံ့ပြန်သွားပါမယ်။ တိုးတက်မှုတွေမြင်လာရင် အဲဒီတိုးတက်မှုကို အသိအမှတ်ပြုဖို့ နောက်ထပ်ခြေလှမ်းတွေ လှမ်းသွားမှာပါ။”

တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ခန့်ထားရေးကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ သမ္မတအိမ်ဖြူတော်ဘက်က ဆုံးဖြတ် ကြေညာဖို့ပဲ ကျန်တော့တယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဖြေသွားပါတယ်။

“ဒီကိစ္စကိုတော့ သမတအိမ်ဖြူတော်ကနေ ဆုံးဖြတ်ပြီး သမ္မတအိမ်ဖြူတော်ကနေ ကြေညာမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ရှေ့ဆက်ဆောင်ရွက်နေပါတယ်။ သမ္မတအိမ်ဖြူတော်ရဲ့ အဆုံးအဖြတ်ပြီးရင် အဆင်သင့်ဖြစ်ပြီဆိုရင်တော့ သူတို့ကြေညာပါလိမ့်မယ်။”

မြန်မာနိုင်ငံရေးကိစ္စဟာ ဒေသတွင်း အရေးကြီးတဲ့အကြောင်းရပ် တခုဖြစ်တာမို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ တရုတ်၊ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံ အကြောင်းကို လည်း ဆွေးနွေးဖွယ်ရှိတယ်လို့ လည်း ပြောသွားပါတယ်။

အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒီနေ့ လွှတ်တော်မှာ မူလစာသားအတိုင်း ကျန်းသစ္စာ ကျိန် ဆိုမှာ ဖြစ်ပါတယ်။ လက်ရှိ လွှတ်တော် အစည်းအဝေးတွေဟာ ပထမအကြိမ် တတိယလွှတ်တော်ပုံမှန် စည်းဝေးပွဲက မပြီးပြတ်သေးတဲ့ အကြောင်းရပ်တွေကို လက်ရှိ ဆွေးနွေးနေတာဖြစ်ပြီး အစိုးရ အသုံးစရိတ် သတ်မှတ်မှုကိစ္စက အဓိက နေရာယူခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လက်ရှိ ဖွဲ့စည်းပုံပါ အချက်အလက်အချို့ကို ပြင်ဆင်ဖို့ အပါအဝင် ရည်ရွယ်ချက် ၃ ချက်နဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG