သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် ကျမ်းသစ္စာ ကျိန်ဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(လယ်) နှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ကိုယ်စားလှယ်များ ကျန်းသစ္စာကျိန်ဆိုနေစဉ်။ (မေလ ၂ ရက်၊ ၂၀၁၂။)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(လယ်) နှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ကိုယ်စားလှယ်များ ကျန်းသစ္စာကျိန်ဆိုနေစဉ်။ (မေလ ၂ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံကလွှတ်တော်ကို စစ်မှန်တဲ့ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ လွှတ်တော် ဖြစ်စေချင် ပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျန်းသစ္စာ ကျိန်ဆိုပြီး လွှတ်တော်ကို ဒီကနေ့ စတက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား သတင်းထောက် တယောက်ရဲ့ အမေးကို အခုလို ဖြေသွားတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုပြီးတော့ လွှတ်တော်တက်မယ်လို့ NLD ပါတီ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးလည်း ဒီကနေ့ ဆိုင်ရာ လွှတ်တော်တွေမှာ ကျန်းသစ္စာကျိန်ဆိုပြီးတော့ လွှတ်တော်စတက်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒီကနေ့ဟာဖြင့် မြန်မာ့နိုင်ငံရေးမှာ နောက်ထပ် သမိုင်းစာမျက်နှာသစ်တခု ဖွင့်လှစ်လိုက်နိုင်တဲ့နေ့ လို့ ဆိုရမှာပါ။ NLD အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ပြန်ပြီး မှတ်ပုံတင်ခဲ့၊ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကျမ်းသစ္စာကျိန်ဆိုလိုက်ကြပြီး တရားဝင် လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ် သွားကြပါပြီ။

လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုရာမှာ အခြေခံဥပဒေကို “ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါမည်” ဆိုတဲ့ စကားရပ်အစား “လေးစားလိုက်နာပါမည်” ဆိုတဲ့စကားရပ်နဲ့ အစားထိုးပေးဖို့ NLD ပါတီဘက်က ကြိုးပမ်းချက်တွေကို စွန့်လွှတ် လိုက်ပြီး နဂိုမူရင်းစာသားအတိုင်းပဲ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတာပါ။

လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နောင်လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ စစ်တပ်က တိုက်ရိုက်ခန့်ထားတဲ့ ၂၅% သော လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူများစုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံ့ရေးရာ ကိစ္စ ရပ်တွေကို ဆွေးနွေး ညှိနှိုင်း အဖြေရှာကြရတော့မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကတော့ စစ်တပ်ကိုယ်စားလှယ်တွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေတဲ့သဘော ပြောဆိုခဲ့ပါတယ်။

“ကျမအနေနဲ့ စစ်တပ်အပေါ်မှာ အင်မတန့်ကို ကောင်းမွန်တဲ့သဘောထား ရှိထားပြီးသားပါ။ ဒါကြောင့်လည်း လွှတ်တော်ထဲမှာ သူတို့နဲ့အတူယှဉ်တွဲထိုင်ရတာကို စိတ်အနှောက် အယှက်မဖြစ်သလို အဲဒီလို ထိုင်ရတာ ကိုပဲ ကျေနပ်မိပါတယ်။” လို့ လွှတ်တော်တွင်းမှာ ကျမ်းကျိန်ပြီးတဲ့နောက် သတင်းထောက်တွေ ကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီလိုဆိုပေမဲ့လည်း ရွေးကောက်ပွဲမဝင်ခင်ကတည်းကိုက NLD ပါတီရဲ့ရည်ရွယ်ချက်တွေထဲမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲက ဒီမိုကရေစီနည်းလမ်းမကျတဲ့အချက်တွေကို ပြင်ဆင်မယ်လို့ NLD က တရား ဝင် ကြေညာ ထားတာပါ။ အဲဒီအချက်တွေထဲမှာ အဓိကအကျဆုံးလို့ ဆိုရမှာ ကတော့ မဲဆန္ဒရှင်ပြည်သူ လူထုက ရွေးကောက်တင်မြှောက်တာမဟုတ်ဘဲ စစ်တပ်အကြီးအကဲက တိုက်ရိုက်ခန့်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာ ၂၅% စီ ပါဝင်နေတဲ့ ကိစ္စပါပဲ။ ဒီအချက်ကို NLD က ပြင် ဖို့ကြိုးစားတာဟာ တနည်းအားဖြင့်တော့ စစ်တပ် ကိုယ်စားလှယ်တွေ လွှတ်တော်တွင်းမှာ ဆက် မရှိတော့အောင် လုပ်မယ့်် သဘောလို့ ယူဆရမှာပါ။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က -

“ကျမတို့ရဲ့လွှတ်တော်ကို စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ အညီ ဖြစ်စေချင်ပါတယ်။ လွှတ်တော်ထဲကနေ တစုံတယောက်ကို ကျမတို့ ဖယ်ရှုားပစ်ချင်တာကြောင့်မဟုတ်ဘဲ ကျမတို့ရဲ့ လွှတ်တော်တွေ တကယ့်ကို ဒီမိုကရေစီနည်းကျဖြစ်လာစေမယ့် တိုးတက်မှုမျိုးရအောင် ကျမတို့ လုပ်ချင်တာပါပဲ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုတဲ့စာသားကို ပြင်ဆင်ဖို့ ကြိုးပမ်းချက်တွေကို စွန့်လွှတ်လိုက်ပြီဆိုတာကို ဧပြီလ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့တာဖြစ်ပါတယ်။ NLD ဘက်က အဲဒီလို ဆုံးဖြတ်ဖြစ် လာအောင် ဝိုင်းဝန်း ကြိုးစား တိုက်တွန်းခဲ့ကြတဲ့ထဲမှာ အဓိက ကတော့ လွှတ်တော်တွင်း ရောက်နေပြီးသား လူမျိုးစုတိုင်းရင်းသားပါတီတွေက လွှတ်တော် ကိုယ်စားလှယ်တွေပဲဖြစ်ပါတယ်။ ဒီကနေ့ သမိုင်းဝင် အဖြစ်အပျက်တခု ဖြစ်လာရအောင် ကြိုးပမ်းပေးခဲ့ကြတဲ့ အဲဒီပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုစကား ပြောခဲ့ပါသေးတယ်။

“လမ်းကြောင်း ဖြောင့်ဖြူးသွားအောင် ကြိုးစားခဲ့ကြတာ လူမျိုးစု တိုင်းရင်းသားပါတီတွေပဲဖြစ်ပါတယ်။ ကြိုးစားရုံတင်မကပါဘူး၊ ကျမတို့ ဆုံးဖြတ်ချက်ချဖြစ်လာအောင် လမ်းခင်းပေးတဲ့ အထိ အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ကြပါတယ်။” လို့ NLD ပါတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း၊ ကော့မှူး မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနား ပြီးတဲ့နောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွေလည်း အဆုံးသတ်သွားပြီဖြစ်ပါတယ်။

ဇူလိုင်လကျရင် ပြန်ခေါ်ဖို့ရှိတဲ့ လွှတ်တော်အစည်းအဝေးတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပါဝင်တော့မှာဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG