သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD လွှတ်တော်အမတ်တွေ မူလရပ်တည်ချက် ဆက်လက်ဆုပ်ကိုင်သွားမည်။


အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စာသားအတိုင်း ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပေမဲ့ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မူလရပ်တည်ချက်တွေအတိုင်း ဆက်လက် လုပ်ဆောင် သွားကြမယ်လို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး တဲ့နောက် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတာမှာ အဲဒီလိုပြောခဲ့ကြတာပါ။ ရှေ့မှာ လုပ်ဆောင်စရာတွေ အများကြီး ရှိနေတယ် ဆိုတာကိုလည်း အသိအမှတ်ပြု ပြောဆိုကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျမ်းသစ္စာကျိန်ဆိုတဲ့စာသားကို မပြောင်းလဲဘဲ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ကြပေမဲ့ မူလ ရည်တည်ချက်ဖြစ်တဲ့ လေးစားလိုက်နာပါမည်ဆိုတဲ့ သဘောထားကတော့ မပြောင်းလဲဘဲ ဆက်ပြီး ကိုင်စွဲသွားကြမယ်လို့ ဗွီအိုအေကို ပြောခဲ့ကြတာပါ။

မဲဆန္ဒရှင်လူထုနဲ့ လူမျိုးစုတိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒသဘောထားတွေကို အသိအမှတ်ပြု လေးစားတဲ့ အနေနဲ့ ကျမ်းသစ္စာ ကျိန်ဆိုတာမှာပါဝင်တဲ့ စာသားကို ပြင်ဆင်ဖို့ကြိုးစားနေတာ အဆုံးသတ်ပြီး လိုက်လျောခဲ့တာဖြစ်ပေမဲ့ မူလ ရပ်တည်ချက် အတိုင်း ဆက်လုပ်သွားပါမယ်လို့ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဗွီအိုအေကိုပြောပါတယ်။

“အဖွဲ့ချုပ်ရဲ့ ရပ်တည်ချက် ဖြစ်တဲ့ လေးစားလိုက်နာပါ့မယ်ဆိုတဲ့ စကားရပ်နဲ့ အဲဒီသဘောထား ကိုတော့ ပြင်မှာမဟုတ်ပါဘူး။ လုပ်စရာရှိတာတွေကို ဆက်ပြီးတော့ ဆောင်ရွက်သွားမယ့် သဘော ရှိပါတယ်။”

နိုင်ငံရေးမှာ ငြင်သာပျော့ပျောင်းရမယ်ဆိုတာကို NLD က အမြဲလက်ခံထားကြောင်း ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်ကလည်း ပြောထားဖူးပါတယ်။ လွှတ်တော်တက်တော့မယ့်အချိန်ကျမှ ပြုနိုင်ပြင်နိုင်တဲ့ ထုံးကို လက်ကိုင်ထားလိုက်တာမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်ကာလတလျှောက်လုံး အဲဒီနည်းကို ပဲ နိုင်ငံရေး နည်းနာတခုအဖြစ်နဲ့ သုံးလာခဲ့တာဖြစ်တယ်လို့လည်း ရှင်းထားပါတယ်။

အဲဒီသဘောထားကို ထင်ဟပ်ပြီး ပြောဆိုသူက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဖြစ်ပါတယ်။

“ကျမ်းကျိန်တာနဲ့ ပတ်သက်လို့ကတော့ တကဏ္ဍစီ ထားလိုက်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ ကိုယ်လုပ်မယ့် ကိစ္စတွေနဲ့ ပါတီက ဆုံးဖြတ်ထားတဲ့ ကိစ္စတွေကတော့ ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အဲဒီ အတွက်ကြောင့်မို့လို့ ဒါကိုတော့ ကျမတို့က တကဏ္ဍစီထားပြီးတော့ ကိုယ်လုပ်သင့်လုပ်ထိုက်တာ ကိုယ့်ရဲ့ ရပ်တည်ချက် ဒီကနေ ပြောင်းလဲရမယ့် ဥပဒေ နည်းဥပဒေတွေနဲ့ ပတ်သက်တာ တဏ္ဍပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ကတော့ ပါတီရဲ့ ရပ်တည်ချက် အတိုင်း ဆက်ပြီးလုပ်ဆောင်သွားမယ်။”

စစ်တပ်ကကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီကကိုယ်စားလှယ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်တွေထဲ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရည်ရွယ်တဲ့အတိုင်း လုပ်ဆောင်နိုင်ပါ့ မလားဆိုပြီး မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။ တဘက်မှာလည်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ သြဇာ အရှိန် အဝါ၊ သူ့အပေါ် ပြည်တွင်းပြည်ပက ထောက်ခံမှုတွေကို လျှော့မတွက်သင့် ဘူးဆိုတဲ့ အမြင်ကလည်းရှိပါတယ်။ NLD လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်တွေထဲမှာ လူနည်းစုဖြစ်နေပေမဲ့လည်း သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ်မှာတော့ ယုံကြည်ချက်အပြည့် ရှိနေကြပုံရ ပါတယ်။

“ကျနော်တို့က နိုင်ငံရေးဆိုတာ တခါ တခါကျတော့ လိုက်လျောတာကလည်း ဒါ နိုင်ငံရေး တခုပါပဲ။ လိုက်လျောပြီးတော့ ညှှိနှိုင်းတယ်။ ပြေလည်အောင် အခက်အခဲတခုကို ကျော်လွှားအောင် လုပ်နိုင်တယ် ဆိုတာကလည်း ဒါလည်းနိုင်ငံရေး တခု ဖြစ်ပါတယ်။ ဒါကလည်း ကိုယ်ဆုံးဖြတ်ပြီးရင် ဆုံးဖြတ်ချက် အတိုင်းပေါ့လေ ကျနော်တို့က ဆောင်ရွက်နိုင်သလား ဆိုတဲ့ အပေါ်မှာပဲ နိုင်ငံရေးဆိုတာ တည်မယ်လို့ ကျနော် ထင်ပါတယ်။ ”

“ကျမ်းသစ္စာ ကျိန်ဆိုလိုက်တယ်ဆိုတာကတော့ ပြည်သူ့ရဲ့ တာဝန်တွေကို ပိုပြီးတော့ ထမ်းဆောင်ရတော့ မယ်။ ဒီထဲမှာလည်း ပါပါတယ်။ သူတို့ ပထမ ကျမတို့ သဘောမတူတဲ့ဟာက တပိုင်းပေါ့နော်။ ဒီထဲမှာ လည်း ပြည်သူ လူထုရဲ့ တာဝန်ကို ထမ်းဆောင်မယ်ဆိုတဲ့ဟာက ပါတဲ့အခါကျတော့ ကျမတို့ ကျိန်ဆိုတဲ့ အချိန်မှာပဲ ပိုပြီးတော့ကို တာဝန်ပိုရှိသွားတယ်။ နောက်ပြီးတော့ ကျမတို့ အများကြီးလုပ်ရအုံးမယ်။ အလုပ်တွေ အများကြီး ဆက်လုပ်ရအုံးမယ် ဆိုတဲ့ ဟာမျိုးပေါ့ ရင်ထဲမှာတော့ ခံစားလိုက်ရတာပေါ့လေ။”

NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဦးအုန်းကြိုင်နဲ့ ဒေါ်ဖြူဖြူသင်းတို့ ပြောသွား တာပါ။

NLD လွှတ်တော်ကိုယ်စားလှယ်တွေဘက်က အားကြိုးမာန်တက် ရှိနေကြသလို မဲဆန္ဒရှင်လူထုက လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်တွေပေါ်မှာ မျှော်လင့်ချက်တွေ ကြီးကြီးမားမားကို ရှိနေကြတာပါ။ ဒါပေမဲ့လည်း နုနယ်လှသေး တဲ့ ဒီမိုကရေစီခရီးဟာ အခုမှအစပဲ ရှိသေးပြီး ရှေ့ဆက်ရမယ့် ခရီးတလျှောက် အနိမ့်အမြင့်အတက်အကျအမျိုးမျိုး၊ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ရမှာက အသေအချာပါပဲ။ ဒီအချက်ကိုပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် မြန်မာနိုင်ငံဆီ လာသွားခဲ့ကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ နိုင်ငံတကာအစိုးရတွေရဲ့ ထိပ်တန်းခေါင်းဆောင်တွေ အားလုံးလိုလိုက အထူး အလေးထား ပြောဆိုခဲ့ကြတာပါခင်ဗျား။

XS
SM
MD
LG