သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြွေးဟောင်းကျေမှ မြန်မာကို ADB ငွေချေးမည်


မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ အခြေခံယန္တရား အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် လိုအပ်နေတဲ့ အကူအညီတွေကို ပေးဖို့ အစိုးရက နိုင်ငံတကာကို မေတ္တာရပ်ခံနေချိန်မှာပဲ ဖိလစ်ပိုင် အခြေစိုက် ADB လို့ခေါ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံကို အကူအညီပေးဖို့အတွက် အဆင်သင့် ရှိပေမယ့်လို့ ဆပ်စရာ ရှိတဲ့ ကြွေးမြီ ဒေါ်လာသန်း ၄၉၀ ကို အရင်ပြန်ဆပ်မှ နောက်ထပ် ငွေချေးနိုင်မယ်လို့ ADB ဥက္ကဋ္ဌက မနေ့ကပဲ ပြောလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ရိုက်တာစ်သတင်းရဲ့ ဖော်ပြချက်ကို အခြေခံပြီး ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ADB ခေါ် အာရှ ဖွံ့ဖြိုးရေးဘဏ်က ငွေကြေး အထောက်အကူမပေးခဲ့တာ ၂၄ နှစ်ရှိသွားခဲ့ သလို နောက်ထပ်ပေးဖို့လည်း အခုအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ADB ကို ပေးဆပ်စရာ ရှိတဲ့ ကြွေးမြီကို ပြန်ဆပ်နိုင်မှ နောက်ထပ်ချေးငွေအသစ်ကို ထုတ်ပေးနိုင်မှာဖြစ်တယ်လို့ Haruhiko Kuroda က အခုလို ပြောခဲ့ပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ ကြွေးမြီတွေ အတော်လေး တင်နေတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံဘက်က ပေးဆပ် စရာကြွေးတွေကို ပထမဆုံး အရင်မရှင်းနိုင်မချင်းတော့ ADB ဘဏ်အနေနဲ့ ငွေရေးကြေးရေး အထောက် အကူတွေကို ပေးလို့ မရနိုင်ပါဘူး။"

အာရှဖွံ့ဖြိုးရေးဘဏ် အုပ်ချုပ်ရေးမှူးတွေရဲ့ဘုတ်အဖွဲ့ ၄၅ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံမှာ ADB ဥက္ကဋ္ဌက မနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲဒီလေးရက်ကြာ ညီလာခံအတွင်းမှာ အဖွဲ့ဝင် ၆၇ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့အပြင် ပေါ်လစီရေး ချမှတ်သူပေါင်း လေးထောင်ကျော်လည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ADB ကို ပေးဆပ်စရာအကြွေးပေါင်း ဒေါ်လာသန်း ၄၉၀ ပေးစရာရှိတာဖြစ်ပါတယ်။ ADB ဥက္ကဋ္ဌ မစ္စတာ Kuroda က အာရှဖွံ့ဖြိုးရေးဘဏ်ကြီး အနေ နဲ့ နိုင်ငံပေါင်းစုံကို ငွေထုတ်ချေးနေတဲ့ အတွက်ကြောင့်လည်း မြန်မာနိုင်ငံရဲ့ ကြွေးမြီကို လျှော်ပစ်လို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

အဖွဲ့ဝင် ၆၇ နိုင်ငံပါတဲ့ ADB ဘဏ်မှာ အာရှဒေသတွင်းက ၄၈ နိုင်ငံနဲ့ ကျန်ကမ္ဘာက ၁၉ နိုင်ငံတို့ ပါဝင်ကြပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အာရှ-ပစိဖိတ်ဒေသမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက် ပေါ်လစီရေးချမှတ်ရာမှာ၊ ရင်းနှီးမြှုပ်နှံရာမှာနဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အကူတွေကို ဘဏ်ကြီးက ထုတ်ပေးတာ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်က အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ADB က ၁၉၈၆ နဲ့ ၈၇ ခုကတည်းက နောက်ဆုံးထားပြီး နည်းပညာနဲ့ ငွေကြေးအထောက်အကူတွေကို ပေးခဲ့ တာဖြစ်ပါတယ်။

အခုလို ဖွံ့ဖြိုးမှု စီမံကိန်းတွေအတွက် မြန်မာနိုင်ငံအပေါ် ငွေထပ်မချေးနိုင်ပေမယ့်လို့လည်း ပေါ်လစီပိုင်း ဆိုင်ရာ ဆွေးနွေးမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူတွေ ပေးဖို့အတွက် မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံသွားမှာ ဖြစ်တယ်လို့ ADB ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

"တဘက်မှာတော့ နည်းပညာအထောက်အကူ အပြင် ပေါ်လစီပိုင်းဆိုင်ရာ အကြံပေးမှု၊ လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြေခံ အဆောက်အအုံတည်ဆောက်မှုမှာ အထောက်အကူ ပေးနိုင်ပါတယ်။ ဒါပေမယ့် ပထမဆုံးကတော့ ADB ဘဏ်အနေနဲ့ မြန်မာနိုင်ငံနဲ့ အထူးသဖြင့် ပေါ်လစီပိုင်းမှာ အခြေအတင် ဆွေးနွေး သွားရမှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကနဲ့ ဥရောပ အပါ အဝင် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးခဲ့ပြီးဂျပန်ကလည်း မြန်မာနိုင်ငံက ပေး ဆပ်စရာရှိတဲ့ ကြွေးမြီ ဒေါ်လာ ၃.၇ ဘီလီယံကို ဧပြီလက လျှော်ပစ်ပေးခဲ့ချိန်မှာ အခုလို ADB ရဲ့ ကောက်ချက်ချ ပြောကြားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာဘဏ်ကြီးဖြစ်တဲ့ ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံမှာ ဇွန်လကျရင် ရုံးခန်းခွဲဖွင့်ပြီး မြန်မာနိုင်ငံသားတွေ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အထောက်အကူဖြစ်စေမယ့် စီးပွားရေး စာရင်းဇယားတွေ ကောက်ခံဖို့နဲ့ မြန်မာနိုင်ငံ က ပေးဆပ်စရာရှိတဲ့ နိုင်ငံတကာကြွေးမြီတွေကို ကိုင်တွယ်ဖြေရှင်းရေးမှာ အဓိကအကူအညီပေးဖို့ ဖြစ်တယ် လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG