ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေးအတွက် တိုက်တွန်းထားတဲ့ အိတ်ဖွင့် ပေးစာတစောင်ကို သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးပုဂ္ဂိုလ်တဦးဖြစ်သူ ဦးမြင့်က ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းက ဖြန့်ချိခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့အတူ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ပြန် တည်ဆောက်ဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ကို အပြည့်အ၀ အားပေးထောက်ခံသွားမှာဖြစ်ပြီး ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂဆိုတာရှိရမှာပဲလို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်ကိုမင်းကိုနိုင်က ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
တချိန်တုန်းက အာရှတိုက်မှာ အကောင်းဆုံးနဲ့ အကျော်ကြားဆုံးတက္ကသိုလ်ဖြစ်ခဲ့တဲ့ အရင်အခေါ် ရန်ကုန် ဝိဇ္ဇာနဲ့သိပ္ပံ တက္ကသိုလ်၊ နောက်ပိုင်းမှာ အမည်ပြောင်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို နဂိုရ်အရှိန်အဝါ ဂုဏ်ထည်အတိုင်း ပြန်ရောက်အောင် ပြန်လည် တည်ဆောက်ကြဖို့အတွက် စီးပွားရေးပညာရှင် တဦးလည်းဖြစ်၊ သမ္မတရဲ့အကြံပေးတဦးလည်းဖြစ်တဲ့ ဦးမြင့်က သူ့ရဲ့ အိတ်ဖွင့် ပေးစာထဲမှာ တိုက်တွန်း ရေးသားထားတာပါ။
ဦးမြင့်ဟာ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (MDRI)၊ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (CESD) ရဲ့ အဖွဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဦးမြင့်က အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ အိတ်ဖွင့်ပေးစာ ကို မြန်မာ ဘာသာ ပြန်ဆိုခဲ့သူကတော့ CESD အဖွဲ့ရဲ့ အကြီးတန်းသုတေသီ၊ အရင် သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာ ဦးတင်မောင်သန်းပါ။
အိတ်ဖွင့်ပေးစာရေးဖြစ်စေခဲ့တဲ့ အခြေခံအကြောင်းရင်းကတော့ ရန်ကုန်တက္ကသိုလ်နေရာကို စီးပွားရေး အကျိုးအမြတ်အတွက် အသုံးပြုမယ့်အစီအစဉ်တွေကို တွေ့လာရလို့ပဲဖြစ်တယ်လို့ ဦးတင်မောင်သန်းက ဗွီအိုအေကိုရှင်းပြပါတယ်။
“ပြောဖို့ဖြစ်လာတာကတော့ ကျနော်တို့ ဒီတက္ကသိုလ်ထဲက တင်းနစ်စ်ကွင်းတွေကိုသိမ်းပြီးတော့ အဲဒီနေရာ မှာ တင်းနစ်စ် အားကစားကွင်းတခု ဆောက်ဖို့ လုပ်ကြတယ်ပေါ့လေ၊ လုပ်ကြတဲ့ အတွက်ကြောင့်မို့လို့ ဒီဇာတ်လမ်းက စတင်ဖြစ်ပေါ်လာတယ်ပေါ့လေ- ဘာကြောင့်လဲဆိုတော့ တချို့လူတွေက တက္ကသိုလ်မြေနဲ့ အဲဒီနေရာတွေကို မျက်စေ့ကျပြီး ဒီနေရာမှာလည်း ဘာမှ သုံးတာမဟုတ်ဘူးဆိုတဲ့ အခြေခံပေါ်ကနေမှ အကျိုးအမြတ်အတွက် လုပ်လာကြမှာကို သူက စိုးရိမ်တယ်ပေါ့လေ။ တဆက်တည်းမှာပဲ ရန်ကုန် တက္ကသိုလ် ရဲ့ပညာရေးကျဆင်းနေတာ အရင်လို ဂုဏ်သိက္ခာ ပြန်ပြီးတော့ မြှင့်တင်ချင်တာလည်း ဆရာ့မှာ ဆန္ဒရှိတယ်။”
မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုဟာ ရန်ကုန်တက္ကသိုလ်ကစခဲ့တယ်ဆိုတာကို ဦးမြင့်က ထောက်ပြထားပြီး ဧရာဝတီမြစ်ကြီးလိုပဲ ရန်ကုန်တက္ကသိုလ်ဟာ အရင်ကရှိခဲ့တဲ့ ဂုဏ်ရောင်နဲ့ အသွေးရောင်စုံတော်တော် များများ ပြယ်လွင့်ခဲ့ရတယ်လို့ ရေးထားပါတယ်။ မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းပြီး ဧရာဝတီကိုကာကွယ်ဖို့ အားလုံးက ဝိုင်းဝန်း ကြိုးစားခဲ့ကြတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ ပြန်ပြီးမြင့်မား လာအောင် ဆောက်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီလို ဆောင်ရွက်မယ်ဆိုရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့မှတ်တိုင်တစ်တိုင် ဖြစ်ပါလိမ့်မယ်လို့လည်း ဆိုထားပါတယ်။
၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးပြီးကတည်းက ရန်ကုန်တက္ကသိုလ်ကို နဂိုမူလ အတိုင်း ပညာသင်ကြား ရေးအတွက် ပြန်မဖွင့်တော့ဘဲ အချိန်ပိုင်း သင်တန်းတွေလောက်အတွက်ကိုသာ အသုံးပြုပြီးတော့ ပြုပြင်ထိန်းသိမ်းတာလည်း မရှိသလောက်နဲ့ ဒီအတိုင်းထားလာတာ အချိန်အတော်ကြာ ခဲ့ပါပြီ။
အခုလို ရန်ကုန်တက္ကသိုလ်ကို နဂိုဂုဏ်သိက္ခာအတိုင်း ပြန်လည် တည်ဆောက်ဖို့ နှိုးဆော်တာကို ကြိုဆိုပြီး သူတို့လည်း ပူးပေါင်း ဆောင်ရွက်ပါ့မယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က ဗွီအိုအေကိုပြောပါတယ်။
“ကျောင်းသားသမိုင်းရဲ့ပုံရိပ်၊ နိုင်ငံသမိုင်းရဲ့ပုံရိပ်မှာ အင်မတန်အဓိကကျတဲ့အခန်းမှာလည်း ပါဝင်တယ်။ အဲဒီနေရာကို ပြန်ပြီး အသက်သွင်းမယ့်ကိစ္စကိုတော့ ကျနော်တို့က အပြည့်အဝကို အားပေးမှာပါ။ ရန်ကုန် တက္ကသိုလ်ဟာ နံပါတ်တစ်- ပုံရိပ်အရ၊ ဝိဉာဉ်အရ ပြန်ပြီးအသက်ဝင်ရမယ်။ အစဉ်အလာကောင်းတွေ ကြီးမြတ်ခဲ့တဲ့ သမိုင်းတွေကို ပြန်ပြီးတော့ နှိုးဆော်နိုင်ရမယ်။ ဒါက အပိုင်းတစ်ပါ။ ဒုတိယအပိုင်းဖြစ်တဲ့ နိုင်ငံ တကာအဆင့်မီတဲ့ ပညာရေးစံနစ်တခုကို အဲဒီတက္ကသိုလ်က မွေးထုတ်ပေးနိုင်တယ်ဆိုတာက ဒုတိယ အပိုင်းပါ။”
ကိုမင်းကိုနိုင်ဟာ ၈၈ အရေးတော်ပုံကာလက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းရေးကော်မီတီကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ၊ ၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးပါ။ ဦးမြင့်က အကြံပေး တိုက်တွန်းထားတဲ့အတိုင်း ရန်ကုန်တက္ကသိုလ်ကို နဂိုရ်ဂုဏ်ရောင်အတိုင်း ပြန်ပြီး တည်ဆောက်နိုင်ပြီဆိုရင် ကျောင်းသားသမဂ္ဂ ရှိကို ရှိပါမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
“ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်လေဗျာ။ အဲဒီတော့ ဗမာပြည်ရဲ့ ပညာရေးစံနစ် တခုလုံးရဲ့ ဦးဆောင်ဦးရွက်ဟာ ရန်ကုန်တက္ကသိုလ် ပြန်ဖြစ်လာပြီဆိုရင် အရင် သမိုင်းအစဉ်အလာရှိခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးကိုယ်တိုင် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌလုပ်ခဲ့တဲ့ အဲဒီ သမဂ္ဂအဆောက် အအုံကို ပြန်ပြီးတော့ အသက်သွင်းရမယ်။ အဲဒီအတွက် ရန်ကုန်တက္ကသိုလ်မှာ တက်တဲ့ ကျောင်းသားတွေ အကုန်လုံးဟာ ရန်ကုန်တက္ကသိုလ်အဆောက်အအုံကို ပြန်ဆောက်နိုင်ဖို့ရယ်၊ ပြီးတော့ ကျောင်းသား အသင်းအဖွဲ့တွေ ဖွဲ့စည်းဖို့ရယ်၊ နောက်ပြီးတော့ ကျောင်းသားရွေးကောက်ပွဲတွေမှာ တက်တက်ကြွကြွ လှုပ်ရှားနိုင်ခွင့်ရယ်၊ အဲဒါတွေ အားလုံးလိုပါတယ်။ ဆိုလိုတာကတော့ဗျာ- သမဂ္ဂအဆောက်အအုံဆိုတဲ့ ရုပ်ဝတ္ထုပစ္စည်းတင်မကပါဘူး။ ကျောင်းသားလွှတ်တော်ဆိုတဲ့ အနှစ်သာရကိုပါ ပြန်လည်ဖော်ဆောင်ဖို့ လိုတယ်လို့ ကျနော်တို့ အထူးတလည်ပြောချင်တာပါ။”
ပစ္စည်းကိရိယာကောင်းတွေ တပ်ဆင်ထားပြီး ခေတ်မီတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံအသစ် ဟာ မြန်မာပြည်သူတွေက လူငယ်တွေကိုပေးတဲ့လက်ဆောင် ဖြစ်လာပါလိမ့်မယ်လို့ ဦးမြင့်က သူ့ရဲ့ အိတ်ဖွင့်ပေးစာထဲမှာ ရေးသားထားပါတယ်ခင်ဗျား။