သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လူ့အခွင့်အရေးသမား အမေရိကန်သံရုံးမှ ထွက်ခွာ


တရုတ်မျက်မမြင် တက်ကြွလှုပ်ရှားသူဟာ ဆေးကုသမှု ခံယူဖို့ အတွက် ဘေဂျင်းမြို့က သူတိမ်းရှောင် ခိုလှုံနေတဲ့ အမေရိကန် သံရုံးကနေ ထွက်လာပြီး မိသားစုထံပြန်ရောက်သွားပြီလို့ အမေရိကန် တာဝန်ရှိ သူတွေက ပြောပါတယ်။

တက်ကြွလှုပ်ရှားသူ Chen Guangcheng ကို တရုတ်နိုင်ငံ က ဘေးကင်းလုံခြုံရာ တနေရာကို ပို့ဆောင်ဖို့နဲ့ တက္ကသိုလ် တခုကို တက်ရောက်ဖို့ တရုတ်အစိုးရက သဘောတူခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတယောက်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

လူ့အခွင့်အရေး လှုပ်ရှားသူ Chen ဟာ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခွင့်တောင်းခံတာမျိုး မရှိခဲ့ဘူး လို့လည်း အမေရိကန် အရာရှိက ပြောပါတယ်။ သူ့ကို သံရုံးမှာ နေထိုင်ခွင့်ပေးပြီး နောက်ပိုင်း သူ့ဆန္ဒနဲ့သူ အမေရိကန်ရဲ့စံတန်ဘိုးတွေကို မထိခိုက်စေဘဲ ပြန်လည် ထွက်ခွာနိုင်အောင် တာဝန်ရှိသူတွေက စီစဉ်ပေးခဲ့တဲ့ အပေါ်မှာ ကျေနပ်မှုရှိကြောင်းလည်း တရုတ်နိုင်ငံကို ရောက်နေ တဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကပြောဆိုခဲ့တာပါ။

မနက်ဖြန် ကြာသပတေးနေ့မှာ စတင်မယ့် လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နှစ်စဉ် ညီလာခံကို တက်ရောက်ဖို့ ၂ ရက်ကြာ ခရီးစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် တရုတ်နိုင်ငံကို ရောက်နေတာပါ။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ Chen ကို အမေရိကန် သံရုံးက လက်ခံခဲ့တာဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ လုပ်ရပ်အဖြစ် လက်မခံနိုင်ကြောင်း ပြောဆိုပြီး အမေရိကန်က တောင်းပန်ဖို့ တောင်းဆိုထားပါတယ်။

လက်ခံခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့နဲ့ နောက်နောင် ဒီလို အတိုက်အခံတွေကို လက်ခံခွင့် မပြုအောင် စီစဉ်ဖို့လည်း ပြောဆိုခဲ့တာပါ။ အာဏာရ တရုတ်ကွန်မြူနစ် ပါတီနဲ့ ဆက်နွယ်မှုရှိတဲ့ Global Times သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာတော့ ဒီအဖြစ်အပျက်ကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် ထိခိုက်စရာ မရှိနိုင်ဘူးလို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG