သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး အခွင့်အလမ်းကောင်းတွေ ပိုရှိဟု အမေရိကန်ရှုမြင်


အတိုက်အခံတွေ လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် မှာ မြန်မာပြည်မှာ နိုင်ငံရေးအရ ပြန်လည် တည်ဆောက်ရေးတွေကို ပိုပြီး ချဲ့ထွင်လုပ်ဆောင်သွားနိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ အမေရိကန် ပြည်ထောင်စုက မြင်ပါတယ်။ ဒါ့အပြင်လည်း အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဒါ့ထက် ပိုပြီး ခိုင်ခိုင်မာမာ လုပ်ဆောင် သွားနိုင်ဖို့လည်း အမေရိကန်ပြည်ထောင်စုက အထောက်အပံ့တွေ ပေးသွားမယ်လို့ ကမ်းလှမ်းပါတယ်။ ဒီအကြောင်းကို တော့ VOA သတင်းထောက် Scott Stearn က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သတင်းပေးပို့ထားတာပါ။

မြန်မာနိုင်ငံက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ စစ်တပ်က ၂၅% ပါဝင်ပြီး ကျန် အများစုဟာလည်း စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပါတီကြီးက ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့ လွှတ်တော်မှာ အနိုင်ရ ကိုယ်စားလှယ်အသစ်တွေအဖြစ် ပါဝင် တက်ရောက်နေကြပြီ ဖြစ်ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ဒါဟာ နိုင်ငံ့ဝန်ထမ်းအနေနဲ့ ပထမဆုံး ဆောင်ရွက်ရတာပဲ ဖြစ်ပါတယ်။ ကနဦးတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွှတ်တော်ကိုယ်စားလှယ်တွေ ရွတ်ဆိုရတဲ့ ကျမ်းကျိန် စာသားကို ပြင်ပေးဖို့ တောင်းဆိုပြီး လွှတ်တော်မတက်ဘဲ နေခဲ့တာ ပါ။

ခုလို NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်တာဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ အရှိန် အဟုန်နဲ့ ရှေ့ဆက်သွားဖို့ လုပ်ဆောင်ရာမှာ ဒီမိုကရေစီလိုလားသူတွေနဲ့ အစိုးရတို့ အတူတကွ အလုပ် တွဲလုပ်နိုင်မယ့် အခြေနေတခုကို အပြည့်အ၀ မျှော်လင့်နိုင်တဲ့ အနေအထားဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mark Toner က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ အတိုက်အခံနဲ့ အစိုးရတို့ အပြုသဘောနဲ့ အလုပ်လုပ်နေကြတာကို မြင်ချင်ပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံ ရဲ့ လက်ရှိအခြေအနေ ရှေ့ဆက်ပြီး တိုးတက်သွားတာကိုလည်း မြင်ချင်ပါတယ်။ လက်ရှိ အခြေနေတွေထဲက နောက်ပြန် လှည့်သွားနိုင်တဲ့ အနေအထားတွေကိုလည်း ကျနော်တို့ တောက်လျှောက် စောင့်ကြည့်နေမှာပါ”

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုတချို့ ဖြေလျှော့လိုက်တာနဲ့ ပတ်သက်လို့လည်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ပြောခဲ့တဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအခြေနေ တိုးတက်မှုအဆင့်ကို ကြည့်ပြီး အရေးယူမှု အဆုံးအဖြတ်တွေကိုလည်း တဆင့်ချင်း စဉ်းစားပေးသွားမယ်ဆိုတဲ့ အချက်ကိုလည်း Mr.Toner က ထည့်ပြောပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် ကာတို တက္ကသိုလ်က အာရှရေးရာသုတေသီ Doug Bandow ကတော့ မြန်မာနိုင်ငံ အတိုက် အခံ လွှတ်တော်အမတ်တွေအနေနဲ့ ကျမ်းကျိန်စကားထက် သူတို့ရဲ့ အသံတွေ လွှတ်တော်ထဲ ရောက်သွားဖို့က ပို အရေးကြီးတယ် လို့ ဆိုပါတယ်။

ဒီသီတင်းပတ်အတွင်း ဘေဂျင်းမှာ အမေရိကန် နဲ့ တရုတ် အစိုးရအရာရှိတွေ တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကိစ္စဟာ ထည့်သွင်းပြောရတဲ့ ကိစ္စတခု ဖြစ်ခဲ့ပါတယ်။ အဲလို ပြောဆိုရာမှာ မြန်မာအစိုးရက လွတ်လပ်စွာ ပြောဆိုခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဟာလည်း တရုတ်နဲ့ အခြေအနေ တင်းမာခဲ့တဲ့ မြစ်ဆုံဆည်ကိစ္စနဲ့ ဆက်စပ် တယ်လို့ Mr. Bandow က သုံးသပ်ပါတယ်။ မြစ်ဆုံဆည်ကိစ္စ ဆိုတာက မြန်မာနိုင်ငံ ဧရာဝတီမြစ်ဆုံမှာ ရှိတဲ့ တရုတ် အစိုးရနဲ့ ပတ်သက်နေတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃ ထောင်တန် လျှပ်စစ်ဓာတ်အားထုတ် ရေကာတာ တည်ဆောက်ရေး လုပ်ငန်းကို ပြည်သူလူထုနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းလှုပ်ရှားတက်ကြွသူတွေရဲ့ ပူပန် တောင်းဆိုမှုကြောင့် ရပ်ဆိုင်းလိုက်ရတဲ့ ကိစ္စဖြစ်ပါတယ်။

“သေချာတာတခုကတော့ မြန်မာအစိုးရက သူတို့ဘက်မှာ တရုတ်နိုင်ငံရှိတယ်လို့ယူဆထားတာ ဖြစ်သလို တရုတ်ဟာ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ခု မြစ်ဆုံဆည် ကိစ္စမှာတော့ နှစ်နိုင်ငံကြားမှာ တင်းမာမှု ဖြစ်ခဲ့ရပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် တချို့ဒေသခံတွေ တရုတ်ပြည်ထဲ ထွက်ပြေးကြရတာ မို့လို့လည်း ဒီကိစ္စက တရုတ်အစိုးရကို တော်တော် စိတ်အနှောက်အယှက်ဖြစ်စေခဲ့တာပါ။ ဒါကြောင့်လည်း ကျနော်ထင်ပါတယ်။ မြန်မာအစိုးရက ငါတို့မှာတော့ နောက်ထပ် အားကိုးစရာလိုနေပြီ၊ ဒါကြောင့် တကယ်လို့များ အမေရိကန်တို့ ဥရောပသမဂ္ဂတို့နဲ့ စေ့စပ်ညှှိနှိုင်းမယ်ဆိုရင်တော့ ငါတို့ သွားဖို့ နေရာရမှာပဲ၊ ဝင်ငွေတွေလည်း ပိုရလာမှာပဲလို့ တွေးပုံရပါတယ်။”

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက လစ်လပ်နေရာ ၄၅ နေရာ ထဲက နေရာ ၄၀ မှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် အရေးယူမှု တချို့ကို လျှော့ပေါ့ပေး လိုက်တာပါ။ တချို့ အဆင့်မြင့် အရာရှိတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း အမေရိကန် ပြည်ထောင်စုကို လာရောက်ဖို့ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေ နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပြီး တပါတည်းမှာလည်း အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့တွေ နဲ့အတူ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီစဉ် တွေအတွက် ပုံမှန်အစီစဉ်တွေဆောင်ရွက်ဖို့တွေ အပြည့်အဝဆောင်ရွက်နိုင်ရေး အတွက် ရန်ကုန်မြို့မှာ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ခန့်ထားရေးကိုလည်း အဆိုပြုလိုက်ပါတယ်ရှင်။

XS
SM
MD
LG