သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင်မသေဆုံးခင် ဂျီဟတ်အသေခံတွေကို စိတ်ပျက်


ပါကစ္စတန်နိုင်ငံက အိုစာမာဘင်လာဒင်ရဲ့ နေအိမ်ဝင်းမှာ မနှစ်က သိမ်းဆည်းခဲ့တဲ့ စာရွက်စာတမ်းတွေအရ ဘင်လာဒင်ဟာ နောက်ဆုံးမှာ အယ်လ်ကိုင်းဒါး အမာခံအဖွဲ့တွေ၊ အပေါင်းအပါတွေနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ရတာတွေကို လေ့လာတွေ့ရှိရပါတယ်။

အများပြည်သူ လေ့လာနိုင်အောင်ထုတ်ပြန်ခဲ့တဲ့ စာရွက်စာတမ်း ၁၇ ခုဟာ ကွယ်လွန်သူ အယ်လ်ခိုင်းဒါးခေါင်းဆောင် စိတ်ပျက် လက်ပျက် ဖြစ်ခဲ့ရတဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး မှတ်တမ်းတွေဖြစ်ပါတယ်လို့ West Point အမေရိကန် စစ်တက္ကသိုလ် အကြမ်းဖက်မှု တိုက်ဖျက် ရေးဋ္ဌာနက ပြောဆိုလိုက်ပါတယ်။

အိုစာမာဘင်လာဒင်ရဲ့ စာရွက်စာတမ်းတွေကို အကဲခတ် ဆန်းစစ်ဖို့ အတွက် ပုဂ္ဂလိက မတည်ရန်ပုံငွေနဲ့ သုတေသန ဋ္ဌာနတခုကို တာဝန် ပေးခဲ့တာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက် အာဖရိက ဒေသက ဂျီဟတ် အသေခံအဖွဲ့တွေရဲ့ နည်းဗျူဟာနဲ့ မဟာဗျူဟာတွေအပေါ် အားမလိုအားမရဖြစ်ခဲ့ပြီး သူတို့ကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အပေါ်မှာလည်း စိတ်ပျက်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

အိုစမာဘင်လာဒင်ဟာ လူအများထင်ကြသလို ကမ္ဘာတဝန်းက အသေခံဂျီဟတ်တွေရဲ့ လှုပ်ရှားမှုတွေ ကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့သူ မဟုတ်တာကို ဒီစာရွက်စာတမ်းအရ သိရှိရတယ်လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးသုတေသနဋ္ဌာနက ဆန်းစစ်တွေ့ရှိခဲ့ရတာပါ။

လေ့လာဆန်းစစ်သူတွေထဲကတဦးဖြစ်သူ Nelly Lahoud က ဒေသတွင်းဂျီဟတ် အသေခံ မျိုးဆက်သစ်တွေက ဘင်လာဒင်ကို “ပ” ထုတ် ချင်တဲ့ သဘောတွေ့ရတယ်လို့ဆိုပါတယ်။

ဘင်လာဒင်က သူ့အပေါင်းအပါတွေကို အမေရိကန်ပြည်ထေင်စုကိုသာ အာရုံစိုက်ဖို့ ကြိုးပမ်း တိုက်ခိုက်စေလိုပြီး အဲဒီ တိုက်ခိုက်မှုတွေမှာ မူဆလင်တွေ သေဆုံးရတာကိုတော့ သူမလိုလားဘူးလို့ မှတ်ချက်ရေးသားထားတယ်လို့ ဆိုပါတယ်။

ယီမင်နိုင်ငံမှာ မနှစ်က အမေရိကန်အဝေးထိန်း ဒုံးယာဉ် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ အမေရိကန်ဖွား အသေခံဂျီဟတ် တိုက်ခိုက်ရေးသမား Amwar al-Awlaki ကိုလည်း ဘင်လာဒင်က တကိုယ်တော် အကြမ်းဖက်သမားအဖြစ်သဘောထားပုံတွေ့ရတယ်လို့ဆိုပါတယ်။ ဘင်လာဒင်နဲ့ ပတ်သက်လို့ အဖြေရှာ မရသေးတဲ့ အဓိကမေးခွန်းကတော့ ပါကစ္စတန်စစ်တက္ကသိုလ်နားမှာ သူနှစ်တွေနဲ့ချီ ခိုအောင်းနေတာကို ဘာဖြစ်လို့ မသိရှိ ကြတာလဲဆိုတာပဲဖြစ်ပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး စာရွက်စာတမ်းတွေမှာလည်း ဘာအထောက်အထားမှ မတွေ့ရဘူးလို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့မှာ အမေရိကန်အထူးတပ်ဖွဲ့ကနေ Abbottabad ပါကစ္စတန်တပ်မြို့ရှိ အိုစာမာဘင်လာဒင်ရဲ့ နေအိမ်ဝင်းကို စီးနင်းခဲ့ပြီး ဘင်လာဒင်ကို သုတ်သင်ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေး ကိုယ်တာစာတွေ၊ အတွင်းရေး မှတ်တမ်းတွေနဲ့ ဗွီဒီယို မှတ်တမ်းတွေအပါအဝင် အချက်အလက်တွေ အတော်များများကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

ဘင်လာဒင်ရဲ့ကိုယ်ရေးကိုယ်တာစာတွေထဲမှာ အသေခံဂျီဟတ် ညီအကိုတွေရဲ့ လက်ထဲမှာ မူဆလင်တွေ ဒုက္ခရောက်ကြရတာကို အာရုံစိုက် ထားကြောင်း၊ အယ်လ်ခိုင်းဒါးအပေါင်းအပါတွေဟာ အရည်အချင်း မရှိသူတွေလို့ သူယူဆကြောင်း၊ သူတို့ရဲ့ ညံ့ဖျင်းလှတဲ့ စစ်ဆင်ရေး အစီအစဉ်တွေကြောင့် မလိုလားအပ်ဘဲ မူဆလင်တွေ ထောင်ချီ သေဆုံးခဲ့ရတဲ့ အဖြစ်တွေကြောင့် သူ့အတွက် ဝန်ပိခဲ့ရတယ်လို့ ဖော်ပြထားတဲ့ အကြောင်း သုတေသနဋ္ဌာနကလေ့လာတွေ့ရှိခဲ့ရပါတယ်။

XS
SM
MD
LG