အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ မေလ ၃ ရက်နေ့ ဒေသ စံတော်ချိန် ညနေပိုင်းက တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မျက်မမြင်ရှေ့နေ ချင်ဂွမ်ချင် (Chen Guangcheng) နဲ့ပတ်သက်ပြီး ကြားနာပွဲပြုလုပ်နေစဉ်မှာ ချင်ဂွမ်ချင်က သူဟာ ကြောက်ရွံ့ခြင်းနဲ့ အတူ သူ့မိသားစုနဲ့ သူ့လွတ်မြောက်ရေး ကူညီခဲ့သူတွေရဲ့လုံခြုံရေး တို့အတွက် စိုးရိမ်ပူပန်နေရပြီးတော့ အမေရိကန်ပြည်ထောင်စုကို သူနဲ့သူ့မိသားစု ပြောင်းရွှေ့လာရေးကို အကူအညီပေးဖို့ မေတ္တာ ရပ်ခံပါကြောင်း ဘေဂျင်းမြို့တော်က သူဆေးကုသမှုခံယူနေတဲ့ ဆေးရုံကုတင်ပေါ်ကနေ တယ်လီဖုန်းနဲ့ ဒီကြားနာပွဲကို လှမ်းပြီး တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။
ဘေဂျင်းမြို့တော် ကို ရောက်ရှိပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နှစ်ပတ်လည် ညီလာခံကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) နဲ့ သူနဲ့ တွေ့ဆုံခွင့်ရလိမ့်မယ်လို့ သူမျှော်လင့်ကြောင်းလည်း ချင်ဂွမ်ချင်က ကွန်ဂရက် လွှတ်တော်ကို ပြောခဲ့ ပါတယ်။ ချင်ဂွမ်ချင်ဟာ ဘေဂျင်းမြို့တော်က အမေရိကန်သံရုံးမှာ ခိုလှုံနေစဉ်အတွင်း သံရုံး ထဲကနေ ပြန်လည် ထွက်ခွာသွားဖို့ ဖိအားတွေပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂေရီလော့(ခ်) (Gary Locke) က မေလ ၃ ရက်နေ့က ပယ်ချလိုက်ပါတယ်။
ချင်ဂွမ်ချင်ဟာ အမေရိကန်သံရုံးမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံ ခဲ့ခြင်း မရှိခဲ့သလို သူ့ရဲ့လုံခြုံရေးနဲ့ သူ့မိသားစုကို ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားရှိ ရေးတို့အတွက် တရုတ် အာဏာပိုင်တွေက ကတိပြုခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံထဲမှာ ဆက်ပြီးနေထိုင်သွားဖို့ ချင်ဂွမ်ချင်က ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သံအမတ်ကြီးဂေရီလော့(ခ်) က ပြောကြားခဲ့ပါတယ်။
ဆေးရုံမှာ မိသားစုနဲ့ ပြန်လည်ဆုံစည်းပြီးတဲ့နောက် ချင်ဂွမ်ချင်က စိတ်ပြောင်းပြီး တရုတ်နိုင်ငံကနေ ထွက်ခွာလိုတယ်လို့ ပြောဆိုခဲ့ တာ ဖြစ်ပါတယ်။ ချင်ဂွမ်ချင်ဟာ ရှန်ဒေါင်းပြည်နယ်၊ ဒေါင်ချင်ဂူ (Dongchingu) ရွာက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချခံထားရာ ကနေ ဧပြီ ၂၂ ရက်နေ့က ထွက်ပြေး လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။