အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်မှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်နဲ့ အဲဒီ ကော်မတီဝင် တစ်ဦးဖြစ်သူ ဂျိမ်းစ် အင် ဟိုဖ်တို့ ပူးတွဲပြီး မေလလေးရက်နေ့က နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် (Hilary Clinton) ဆီ ပေးပို့တဲ့စာထဲမှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးခြင်းဖြင့် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးထောက်ခံအားပေးဖို့ သမ္မတအိုဘားမား အစိုးရကို တောင်းဆိုထားပါတယ်။
ဝန်ကြီးကလင်တန်ဆီကို ပေးပို့ခဲ့တဲ့ စာနဲ့ပတ်သက်ပြီး အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က သတင်းကြေညာချက် တစ်ရပ်ကိုလည်း မေလလေးရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီး ကလင်တန် ဆီကို ပေးပို့ခဲ့တဲ့ သူ့ရဲ့စာဟာ နှစ်ပေါင်းများစွာ သူစဉ်းစားတွေးတော ကြိုးပမ်းလုပ်ဆောင်ခဲ့မှုရဲ့ ရလဒ်ဖြစ်ပြီးတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးခြင်း ကသာလျှင် လုပ်ကိုင်ဆောင်ရွက်နေသမျှရဲ့ အကောင်းဆုံးသော လမ်းကြောင်းမှန် ဖြစ်တယ်လို့ မစ္စတာ ဝက်ဘ်က ပြောပါတယ်။
သမ္မတအိုဘားမားဆီမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးနိုင်တဲ့ အခွင့်အာဏာရှိနေပြီးတော့ အခုအခါ ဒါကို လုပ်ဆောင်ရမယ့် အချိန်ကျရောက်နေပြီ လို့လည်း မစ္စတာ ဝက်ဘ်က ပြောဆိုခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒမှာ ရှေ့ကို မျှော်ကြည့်တဲ့ တွေးတော ဆင်ခြင်မှုတွေ၊ ရှေ့ဆင်ပြီး ပြုပြင်ပြောင်းလဲရေးတွေ ပိုပြီးတော့ လုပ်ဆောင်လာစေမယ့် မက်လုံးပေးမှုတွေ၊ အပြောင်းအလဲတွေ ထပ်တိုး လုပ်ဆောင်လာစေရေးအတွက် မြန်မာအစိုးရထဲက ပြုပြင်ပြောင်းလဲရေး သမားတွေရဲ့ အရည်အသွေးမြှင့်တင်မှု တည်ဆောက်ပေးရေးတွေ စတာတွေ ပါဝင်နေဖို့ အလွန် အရေးကြီးတယ်လို့ မစ္စတာဝက်ဘ်နဲ့ မစ္စတာအင်ဟိုဖ်တို့ရဲ့ ဝန်ကြီး ကလင်တန်ဆီကို ပေးပို့ခဲ့တဲ့ စာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သမ္မတ အိုဘားမားအစိုးရအနေနဲ့ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲကပဲ မြန်မာနိုင်ငံအပေါ် ချမှတ် ထားတဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းတာ ကို ဆောင်ရွက်ဖို့ တိုက်တွန်းပါကြောင်း ဒီလို ရုပ်သိမ်းပေးလိုက်တဲ့ အခွင့်အလမ်းကို အသုံးချပြီး မြန်မာနိုင်ငံပြည်သူလူထုတွေ ကြိုးပမ်းနေကြတဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို လေးစား ကာကွယ်စောင့်ရှောက်ပေးမယ့် ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီအစိုးရ တစ်ရပ် ပေါ်ထွန်းလာရေးအတွက် အမေရိကန်အစိုးရက ပံ့ပိုးလုပ်ဆောင်သင့်ကြောင်းတွေကို လည်း မစ္စတာဝက်ဘ်နဲ့ မစ္စတာအင်ဟိုဖ်တို့ရဲ့ ဝန်ကြီး ကလင်တန်ဆီကို ပေးပို့ခဲ့တဲ့စာမှာ ဖော်ပြထားပါတယ်။