သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးပိုလုပ်သွားဖို့ ပါကစ္စတန်ကို ကလင်တန်တိုက်တွန်း


ပါကစ္စတန်နိုင်ငံအနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းကို ပိုပြီးတော့ လုပ်ဆောင်သွားသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အာဖဂန်နစ္စတန်နဲ့ မဟာမိတ်နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ ပါကစ္စတန် အခြေစိုက် အကြမ်းဖက်အဖွဲ့တွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုက်လံရှာဖွေ နှိမ်နင်းသွားဖို့လည်း စိတ်ပိုင်းဖြတ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်က ဆိုပါတယ်။ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး S.M. Krishna နဲ့ နယူးဒေလီမြို့မှာ အင်္ဂါနေ့က တွေ့ဆုံအပြီး မစ္စက်ကလင်တန်က သတင်းထောက်တွေကို ပြောရာမှာ အကြမ်းဖက်မှုကြောင့် ကြေကွဲဖွယ်ရာတွေကို အမေရိကန်ရော အိန္ဒိယမြေမှာပါ ကြုံတွေ့ခံစားခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပါကစ္စတန်ထဲက အကြမ်းဖက်သမားတွေဟာ ပါကစ္စတန်နိုင်ငံသား ၃၀,၀၀၀ ကို သတ်ဖြတ်ခဲ့ကြ တယ်လို့လည်း ပြောပါတယ်။ အာရှပစိဖိတ်ဒေသအတွက် ထားရှိတဲ့ ရည်မှန်းချက်တွေကို နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အိန္ဒိယမှာ ရှိစဉ် ပြောသွားပါတယ်။ အထူးသဖြင့် လာမယ့် နိုဝင်ဘာ ကမ္ဘောဒီယားနိုင်ငံမှာ လုပ်မယ့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးကို နှစ်နိုင်ငံစလုံး တက်ရာက်ဖို့ရှိတာကို ရည်ညွှန်းပြောဆိုခဲ့တာပါ။

အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒနဲ့ ဒေသတွင်းမှာ အခိုင်အမာရှိလာတဲ့ အခန်းကဏ္ဍ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအပေါ် ထောက်ခံမှုကို လည်း နိုင်ငံခြားရေးဝန်ကြီးကလင်တန်က အိန္ဒိယကို ချီးကျူးစကားပြောခဲ့ပါတယ်။

အတွေ့အကြုံကြီးတဲ့ ဒီမိုကရေစီနိုင်ငံ တနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ၊ မြန်မာနဲ့ အခြားအရှေ့တာင်အာရှနိုင်ငံတွေအကြား ကုန်သွယ်သွားလာမှုတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေးဖွံဖြိုး တိုးတက်မှုတွေအတွက် အကူအညီပေးနိုင်ပါလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးကလင်တန်က ပြောခဲ့ပါတယ်။

XS
SM
MD
LG