သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မသမာမှု ကော်မရှင် ငြင်းဆို


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အပြတ်အသတ် အနိုင် ရခဲ့တဲ့ ဧပြီလတစ်ရက် ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပြားတွေကို ဖယောင်းသုတ်တာမျိုး ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေဟာ အခြေအမြစ် မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မော်လမြိုင်၊ တောင်တွင်းကြီး ကလော အပါအဝင် မဲရုံအများအပြားမှာ မဲအရေအတွက် အပြောင်းအလဲလုပ်လို့ ရအောင် မဲပြားတွေကို ဖယောင်းသုတ်ထားတယ်ဆိုပြီး NLD နဲ့ တခြားပါတီ ကိုယ်စားလှယ်တွေက တိုင်တန်းခဲ့တာပါ။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး မြို့နယ်ဆယ်ခုမှာစစ်ဆေးခဲ့ပေမယ့် ဖယောင်းသုတ်ထားတဲ့ အထောက်အထားတွေ မတွေ့ရတဲ့အတွက် ဒီစွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိဘူး လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောကြားကြောင်း အစိုးရရဲ့ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာက ဒီကြားဖြတ်ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့် လေ့လာမှုတွေ ရှိတဲ့ကြားထဲက ဒီလိုစွပ်စွဲချက်မျိုး ထွက်ပေါ်လာတာ ဟာ ရွေးကောက်ပွဲရဲ့ လုပ်ရပ်ကို ထိခိုက်စေတာမို့ မဟုတ်မမှန် စွပ်စွဲသူတွေကို အရေးယူသင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အရွေးခံခဲ့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ် ထဲမှာပဲ လွှတ်တော်တက်ရောက်ဖို့ အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ယေဘုယျအားဖြင့် တရားမျှတမှှု ရှိတာတွေ့ ရပေမယ့် မဲပေးသူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေမှာ ခြိမ်းခြောက်မှု ခံရတာမျိုးတွေ ရှိနေသလို တချို့ကို မဲနှစ်ခါပြန်ပေးခွင့်ပြု ထားတာတွေ တွေ့နေရတယ် လို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ က ပြောပါတယ်။

XS
SM
MD
LG