သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား GPS ပိတ်ဆို့မှု ကုလသို့ တိုင်မည်


နိုင်ငံတကာသုံး GPS စနစ်ကို အနှောင့်အယှက်ပေး မှုနဲ့ မြောက်ကိုရီးယား အစိုးရကို တောင်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂမှာ တရားဝင် တိုင်တန်းစာ တင်သွင်းတော့မှာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ သုံးစွဲနေတဲ့ GPS စနစ်ကို မြောက်ကိုရီးယားဘက်က ၁၂ ရက် ဆက်တိုက် နှောင့်ယှက်မှုတွေ လုပ်နေတာမို့ ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ဘူးလို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။ ဒီကိစ္စအတွက် မကြေနပ်ကြောင်း အကြောင်းကြားစာကို မြောက်ကိုရီးယား အစိုးရ၊ ITU နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂနဲ့ ICAO နိုင်ငံတကာ အရပ်ဘက် လေကြောင်း အဖွဲ့တွေကို ပေးပို့ခဲ့တယ် လို့ ကူးသန်းသွားလာရေး ဝန်ကြီးဌာန၊ လေကြောင်းဆက်သွယ်ရေး ဒါရိုက်တာ Kim Choon-oh က VOA ကိုပြောပါတယ်။

မြောက်ကိုရီးယား အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အပြောရခက်ပေမယ့် ဒီလို အနှောင့် အယှက်ပေးနေတာတွေ ရပ်တန့်သွားစေဖို့ သိပ်အရေးကြီးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အခုလိုတိုင်တန်းခဲ့ပေမယ့် သူတို့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ငြင်းဆိုခဲ့တာမို့ ဒီနှစ်တိုင်တန်းချက်ကိုလည်း ဒါမျိုးပဲ တုံ့ပြန်လိမ့်မယ်လို့ ထင်ကြောင်းပြောပါတယ်။

ဒါမျိုး အနှောင့်ယှက်ခံရမှုတွေနဲ့ ပတ်သက်ပြီး လက်ရှိ နိုင်ငံတကာ သဘောတူညီချက်တွေမှာ ပစ်ဒဏ်ခတ် အရေးယူတာမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ်။ မြောက်ကိုရီးယားက GPS စနစ်ကိုနှောင့်ယှက်တယ် လို့ တောင်ကိုရီးယားက စွပ်စွဲတာ သုံးကြိမ်ရှိပြီ ဖြစ်ပေမယ့် အခုတကြိမ်ဟာ ရက်အကြာဆုံးဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက ရေကြောင်း၊ လေကြောင်း ကွပ်ကဲမှုှတွေ အတွက် အနှောက်ယှက်ခံရမှုတွေကို ဧပြီလ ၂၈ ရက်နေ့ကစပြီး တွေ့နေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ တောင်ကိုရီးယား နိုင်ငံ မှာ အခြေချထားတဲ့ အမေရိကန်တပ်တွေမှာလည်း အနှောင့်ယှက်ခံရမှုတွေ ရှိနေပေမယ့် အခုထိ တရားဝင် မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG