သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလွဲသုံးစားမှု သတင်းရေးသူဖော်ထုတ်ဖို့ တရားလိုတောင်းဆို


အပတ်စဉ်ထုတ် The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ မေလ ၁၁ ရက် သောကြာနေ့မနက်က ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တရားရုံးမှာ ကြားနာစစ်ဆေး ပါတယ်။ တရားစွဲသူ သတ္ထုတွင်းဝန်ကြီးဌာနဘက်က သတင်းရေးသားသူရဲ့ အမည်ကိုဖော်ပြဖို့ ရုံးတော်မှာ လျှောက်လဲခဲ့တာကို စွပ်စွဲခံရသူThe Voice ဂျာနယ် ဘက်က ပြန်လည်လျှောက်လဲချက် ပေး ခဲ့ပါတယ်။ သတင်းရေးသားသူ အမည်ကို ဖော်ထုတ်ဖို့ လိုမလိုဆိုကိုတော့ လာမယ့် မေလ ၂၃ ရက်နေ့မှာ ရုံးတော်က ကြားဖြတ် အမိန့်ချမှတ်မှာဖြစ်ပါတယ်။ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို မသင်းသီရိ က စုံစမ်းမေးမြန်းတင်ပြထားပါတယ်။

မတ်လ ဆယ်ရက်နေ့က ထုတ်ဝေတဲ့ TheVoice ဂျာနယ်မှာ ဝန်ကြီးဌာန တချို့ ငွေကျပ် သိန်းထောင်ချီ အလွဲသုံးစားလုပ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ရေးတဲ့သတင်းမှာ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးဖော်ပြတဲ့ အချက်အလက်တွေဟာ မမှန်ကန်ဘူးဆိုပြီး The Voice ဂျာနယ်ကို အဲဒီဝန်ကြီးဌာနက တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက တရားလိုအဖြစ်နဲ့ ဂျာနယ်ရဲ့ အယ်တီတာချုပ် ကိုရော ထုတ်ဝေသူနဲ့ သတင်းရေးသားသူတို့ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၀ နဲ့ ဒဂုံမြို့နယ် တရားရုံး အတွင်းမှာ တရားစွဲဆိုထားတဲ့ ဒီအမှုကို ဒဂုံတရားရုံးမှာ ဒီကနေ့ ကြားနာစစ်ဆေးပါတယ်။

အဲဒီမှာ စွဲဆိုသူ သတ္တုတွင်း ဝန်ကြီးဌာနကဘက်က ဒီ သတင်းရေးသားသူ အမည်ကို ဖော်ထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ခဲ့ပါတယ်။ ဒါကို The Voice ဂျာနယ်ဘက်က ရှေ့နေက ရုံးတော်မှာ ပြန်လည်လျှောက်လဲချက် ပေးခဲ့ပါတယ်။ လက်ရှိနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ရော ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေအပြင် နိုင်ငံမှာဖြစ်ခဲ့ဖူးတဲ့ သမိုင်းသာဓကတွေနဲ့ ရုံးတော်မှာ ပြန်လည် လျှောက်လဲချက်ပေးခဲ့တယ်လို့ The Voice ဂျာနယ်ရဲ့ရှေ့နေ ဦးသိန်းညွန့်က ပြောပြပါတယ်။

"နံပါတ်တစ်အချက်က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ ဦးတိုက်လျှောက်ထားတဲ့အခါမှာ နိုင်ငံ့ ဝန်ထမ်းတွေကို စစ်ဆေးစရာ မလိုဘူးဆိုတဲ့အချက်ဗျ။ ဥပဒေက ခွင့်ပြုထားပါတယ်။ စွပ်စွဲသူရဲ့ အမည်၊ လိပ်စာ အတိအကျ ရေးသားခွင့်ဆိုတာက ဥပဒေအရ သူ့ဘက်က ဆောင်ရွက်ရမှာ။ သူ့အလုပ်သူ လုပ်ရ မယ့်ကိစ္စကို ကျနော်က ထောက်ပြတာ။ ဒုတိယကတော့ စာ၊ နယ်၊ ဇင်း ကျင့်ဝတ် (၅) မှာ သတင်း ရင်းမြစ်ကို ဖော်ပြဖို့မလိုဘူးဆိုတဲ့ စာ၊ နယ်၊ ဇင်း ကျင့်ဝတ်ကို ကျနော် ဒီနေ့ ဖတ်လည်း ဖတ်ပြတယ်၊ မိတ္တူ ကူးပြီးတော့လည်း တင်ပြတယ်။

တတိယအချက်ကတော့ သမိုင်းသာဓကပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အိုးဝေ အယ်ဒီတာလုပ်တဲ့အချိန်မှာ ငရဲခွေးကြီးလွတ်နေပြီဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီးတော့ ဘယ်သူရေး တယ်၊ ဘယ်ဝါရေးတယ်ဆိုတာကို တောင်းတယ်။ အဲဒီတုန်းက အယ်ဒီတာ ကိုအောင်ဆန်းက ထုတ်မပေးခဲ့ ဘူး။ အိုးဝေဦးညိုမြ ရေးခဲ့တဲ့ ဆောင်းပါးဖြစ်တယ်ဆိုတာ သိပေမယ့် အယ်ဒီတာတယောက်အနေနဲ့ မပြောခဲ့ဘူး။ အဲဒါကြောင့် သူ့ကို ကျောင်းထုတ်တယ်။ သမိုင်းအချက်အလက်ကို ကျနော် ရုံးတော်မှာ တင်ပြတယ်။

နောက် စတုတ္ထအချက်ကတော့ စီရင်ထုံးပေါ့။ ရုပ်ရှင်မင်းသမီး ဒေါ်သီသီနဲ့ပတ်သက်တဲ့ စီရင်ထုံး၊ ၁၉၇၄ ခုနှစ်က၊ တာဝန်ခံအယ်ဒီတာက တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံတကာ စံထုံးကို တရားရုံးချုပ်က အသိ အမှတ်ပြုတယ် ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြတယ်။"

အခုလာမယ့် မေလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ဒဂုံတရားရုံးက သတင်းရေးသူ အမည်ဖော်ထုတ်ဖို့ လိုမလိုဆိုတာကို ကြားဖြတ်အမိန့် ချမှာ ဖြစ်ပါတယ်။

"အာဏာပိုင်တွေကို အများပြည်သူအကျိုးအတွက်ဆိုရင် သတိပေးတဲ့ ရေးသားမှုတွေ လုပ်နိုင်တယ်ဆိုတဲ့ ပုဒ်မ ၅၀၀ ပါ ကင်းလွတ်ချက်များကိုလည်း လျှောက်လဲချက်ပေးရင်းနဲ့ ထောက်ပြခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာတည်ပြီးဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၅၄/က) လွတ်လပ်စွာ ရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့် အခြေခံဥပဒေအခွင့်အရေးကို ထိပါးတဲ့အချက်ဖြစ်တယ် ဆိုတာ ဒီနေ့ လျှောက်လဲချက်ထဲမှာ ရေးသားချက်ရော၊ နှုတ်နဲ့ရောလျှောက်ခဲ့ပါတယ်။"

ဒါကတော့ The Voice ဂျာနယ်ရဲ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းညွန့် ပြောပြခဲ့တာ ပါရှင်။

သတ္ထုတွင်းဝန်ကြီးဌာနဘက်ကတော့ အနောက်ပိုင်းခရိုင်တရားရုံးက ဥပဒေအရာရှိ နှစ်ဦးက ရှေ့နေတွေ အဖြစ် ဆောင်ရွက်ေးပးပါတယ်။

ဝန်ကြီးဌာနတချို့မှာ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစွဲမှုတွေ တွေ့ရတယ်ဆိုပြီး လွှတ်တော်ထဲဆွေးနွေးကြတာကို ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေနဲ့ ပြန်ကိုးကားပြီး ရေးတဲ့ သတင်းထဲမှာ သတ္ထုတွင်း ဝန်ကြီးဌာနနဲ့ ပတ်သက်လို့ ဖော်ပြချက်က စာပိုဒ်တပိုဒ်သာပါခဲ့တာပါ။

မုံရွာ ကြေးနီ သတ္ထုတွင်းစီမံကိန်းမှာ တွေ့ရှိရတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ပြည်သူ့ လွှတ်တော် တဦးရဲ့ ပြောပြချက်နဲ့အတူ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့တဲ့ အစီရင်ခံစာကို အခြေခံပြီး ရေးသားထားတဲ့သတင်း ဖြစ်တယ်လို့ The Voice ဂျာနယ်က ပြောပါတယ်။

နိုင်ငံမှာ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီ၊ အပြုသဘောမဆောင်၊ ဂုဏ်သိက္ခာမရှိသော အရေးအသားများဖြင့် ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂ္ဂိုလ်များအပေါ် မမှန်မကန် စွပ်စွဲရေးသားတာတွေကို တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူခြင်းခံရမှာဖြစ်တယ်လို့ မတ်လ ၁၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာ သတ္ထုတွင်း ဝန်ကြီးဌာနက ဥပဒေအရ အရေးယူမယ် ဆိုတဲ့အကြောင်းရေးထားတဲ့အထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG