သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဆန့်ကျင်ရေး ဖိလစ်ပိုင်ဆန္ဒပြ


တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတွေကိစ္စအပေါ် ဖိလစ်ပိုင်အစိုးရရဲ့ ရပ်တည်ချက်ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ရာပေါင်းများစွာသော ဖိလစ်ပိုင်နိုင်ငံသားတွေ မြို့တော် မနီလာမှာရှိတဲ့ တရုတ်သံရုံးအပြင်မှာ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ Panatag လို့ ခေါ်တဲ့ Scarborough Shoal ကျွန်းစုတွေ နေရာကနေ တရုတ်သင်္ဘောတွေ ဆုတ်ခွာပေးဖို့ တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားပြီး တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေအော်၊ ဖိလစ်ပိုင်အလံတွေ ဝှေ့ယမ်းခဲ့ကြပါတယ်။

လနဲ့ချီကြာနေပြီဖြစ်တဲ့ ဒီကိစ္စကို နိုင်ငံတကာအသိုင်းဝိုင်းက ဝိုင်းဝန်း ကူညီလုပ်ဆောင်ပေးကြဖို့ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူ Emman Hizon က ပြောပါတယ်။

တရုတ်နိုင်ငံကတော့ ဖိလစ်ပိုင်နိုင်ငံထဲမှာရှိနေတဲ့ သူတို့နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးအတွက် သတိဝိရိယ နဲ့ နေထိုင်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပြီး ဆန္ဒပြသူတွေဟာလည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့အဆင့်မှာပဲ ရှိနေအောင် လုပ်ဆောင်ပေးဖို့ ဖိလစ်ပိုင်အစိုးရထံ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲဟာ ထင်ထား တာထက် ပါဝင်သူနည်းနေပြီး အကြမ်းဖက် ဆူပူမှုဖြစ်တယ်ဆိုတဲ့ သတင်းလည်း ထွက်မလာပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei ကလည်း အခုလို ဆန္ဒပြပွဲဖြစ်ပေါ်အောင် ဖိလစ်ပိုင် အစိုးရက အားပေးအားမြှောက် လုပ်ခဲ့တယ်လို့ ဘေဂျင်းမြို့မှာ ပြောပါတယ်။ ဒီဆန္ဒပြပွဲတွေက အခုကိစ္စမှာ အခြေအနေ ပိုဆိုးသွားစေတယ်လို့ Hong Lei က ပြောပါတယ်။

XS
SM
MD
LG