သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ စာနယ်ဇင်း ကောင်စီဖွဲ့မည်

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိစေဖို့ ရည်ရွယ်ပြီး Press Council တရပ်ကို ဖွဲ့စည်း သွားမယ်လို့ မြန်မာ အစိုးရ ပြန်ကြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ တချိန်တည်း မှာပဲ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပေးလာနေတယ် ဆိုပေမဲ့လည်း ပိတ်ပင်ကန့်သတ်ချက်တွေ ရှိနေဆဲ ဖြစ်တယ် လို့လည်း စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကနေပြီးတော့ မြန်မာနိုင်ငံမှာ Press Council ဖွဲ့စည်း မယ့် အကြောင်းကို Myanmar Journalist Network (MJN) နဲ့ Myanmar Journalist Union (MJU) အဖွဲ့တွေက သတင်းထောက်တချို့ကို ခေါ်ယူပြီး ဒီကနေ့ တနင်္လာနေ့မှာ ပြောဆိုခဲ့တာ ပါ။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပိုမိုရှိလာစေဖို့ ဆောင်ရွက်ချက်တရပ်အနေနဲ့ အခုလို ဖွဲ့စည်းဖို့ ကြိုးပမ်း တာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ထုတ်ဝေခွင့် ရရှိနေတဲ့ ဝတ္ထုတွေကိုလည်း မနက်ဖြန်ကစလို့ စာပေစိစစ်ရေး တင်စရာမလိုဘဲ ထုတ်ဝေခွင့် ပြုတော့မှာဖြစ်တယ်လို့လည်း ဝန်ကြီးဦးကျော်ဆန်းက သတင်းထောက်တွေ ကို ပြောဆိုခဲ့တဲ့ အကြောင်း ပြည်တွင်းသတင်းထောက်တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

"မနက်ဖြန်ကစပြီးတော့ ဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ ထုတ်/တင်စနစ်နဲ့ဆောင်ရွက်တော့မယ် လို့ ပြောသွားတာပါ။ အခုဆိုရင် ဘာသာရေးနဲ့ သတင်းတွေပဲ တင်/ထုတ် ကျန်တော့မယ်ပေါ့နော်။ အဲဒါတွေကလည်း Press Council ဖွဲ့ပြီးတာနဲ့ ထုတ်/တင်စနစ် အကုန်ဖြစ်သွားမယ်ပေါ့။ အဲဒီအတွက် Press Council ဖွဲ့ဖို့ကို သတင်းမီဒီယာထဲမှာ လုပ်ကိုင်နေတဲ ပြည်သူတွေအားလုံးက ဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးဖို့ ပြောသွားတာပါ။ အဲဒီ Press Council ဖွဲ့စည်းဖို့ကိုတော့ ဂျွန်လထဲမှာ သမ္မတကြီးက လက်မှတ်ထိုးပြီးခွင့်ပြုမိန့်ပေးမှာပေါ့နော်။ အဲဒီကျရင် စပြီးတော့ ဖွဲ့ရမယ်။"

ဒီလို Press Council ဆိုတာမျိုး ရှိလာပြီဆိုရင်တော့ မြန်မာသတင်းမီဒီယာလောကအတွက် အရင်ကထက် ပိုပြီး လွတ်လပ်မှုတွေ ရရှိနိုင်လာနိုင်တယ်လို့ အဲ့ဒီ သတင်းထောက်က သုံးသပ်ပါတယ်။

"တချို့သတင်းတော်တော်များများတော့ ရေးလို့ရလာမှာပါ။ ရေးလို့မရတဲ့ သတင်းတွေပေါ့။ အရင်တုန်းက ဆိုရင် source ကိုဖော်ပြပေးပါဆိုတာမျိုးတွေ ရှိတယ်လေ။ ဂျာနယ်ထဲမှာ မဖော်ပြရင်လည်းရတယ်။ ဒါပေမယ့် ဒီသတင်းကို ဘယ်သူက ပြောပါတယ်ဆိုတာ သူတို့ကိုတော့ ပေးရတယ်လေ။ ပြဿနာ အရမ်း ရှိတယ်။ ဒီသတင်းက ဘယ်သူ့ဆီကရတယ်ဆိုတာကို reference ကို သူတို့က လှမ်းတောင်းတယ်။ ဂျာနယ်ထဲမှာထည့်စရာတော့ မလိုဘူး။ နောက် သတင်းကမှန်နေရဲ့သားနဲ့ အဖြုတ်ခံရတာမျိုးတွေလည်း နည်းနည်းကျန်နေသေးတယ်။ အဲဒါလေးတွေတော့ ပိုပြီးတော့ ရေးလို့ရလာနိုင်တာပေါ့။ အဲလိုရေးလို့ ရလာတာနဲ့အမျှ တာဝန်ယူမှုတွေကလည်း ထပ်ပြီးတော့ တိုးလာမှာပဲလေ။ "

ဒါ့အပြင် လက်ရှိမှာလည်း နိုင်ငံတကာ စံချိန် ညွှန်းတွေနဲ့ အညီဖြစ်အောင် သတင်းမီဒီယာဥပဒေကို ပြည် တွင်း သတင်းထောက်တွေနဲ့ UNESCO ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့က ပညာရှင်တွေနဲ့ စုပေါင်းရေးဆွဲ ခဲ့ပြီး - မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိလာအောင် အခုလို ကြိုးပမ်းဆောင်ရွက်နေပေမဲ့ လို့လည်း ပိတ်ပင်ကန့်သတ်ချက်တွေကတော့ ရှိနေဆဲပါ။ ပြီးခဲ့တဲ့ တပတ်ကပဲ First Weekly ဂျာနယ် ကနေ အခန်းဆက် ဆက်တိုက် ထုတ်ဝေလာခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီရဲ့ ကျနော်နဲ့ နိုင်ငံရေးဆိုတဲ့ဆောင်းပါး ဆက်လက် ထုတ်ဝေခွင့် မရရှိခဲ့ပါဘူး။ အခန်းဆက် ၁၀ ပိုင်းဆက်တိုက် ထုတ်ဝေနိုင်ခဲ့ပြီး မှ အပိုင်း ၁၁ နဲ့ ၁၂ ကို ထုတ်ဝေခွင့် မပြုခဲ့တာဖြစ်တယ်လို့ ကိုဂျင်မီက ဗွီအိုအေကို ပြောပြပါတယ်။

"အခုက ညွှန်မှူး level (အဆင့်) အထိကို ဘာအကြောင်းပြချက်မှလည်း သူတို့က မပေးဘူးလေ။ မပေးတော့သက်ဆိုင်ရာ ဂျာနယ် အယ်ဒီတာချုပ်တွေကလည်း မေးတယ်လေ။ မေးတော့လည်း သူတို့က အကြောင်းပြချက်မပေးဘူး။ မပေးတော့ ကျနော်ကိုယ်တိုင် မေးရတဲ့အခြေအနေကို ရောက်လာတော့တာပဲ။ ကျနော် ညွှန်ချုပ်ကို မေးကြည့်တယ်။ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ၊ ဘာကြောင့်ထည့်ခွင့် မပြုတာလဲဆိုတာ ဂျာနယ်အယ်ဒီတာတွေကို- မေးကြည့်တော့လည်း သူတို့က အတိအကျ အဖြေမပေးထားဘူးတဲ့။ ဒါကြောင့် ကောင်းပြီ-ဒါဆိုရင် ကျနော်ကိုယ်တိုင် သွားတွေ့မယ်လို့ ဆိုပြီးတော့ ဒုတိယအကြိမ် ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဖို့ ဖြစ်လာတာပဲ။ ကျနော့ဘက်က တင်ပြထားတာတော့ ကျနော့် အတွေ့အကြုံတွေနဲ့ ရေးပြီးတော့ တင်ပြထားတာပဲ။ အစိုးရရဲ့မူဝါဒနဲ့ပတ်သက်ပြီးတော့လည်း ကျနော့်ဘက်ကနေ ဝေဖန်တာကတော့ ဘာမှ တစ်ခုမှမရှိဘူး"

ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ လက်ရှိ ရှိနေတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အတိုင်းအတာကို အများသိရှိအောင် အစိုးရ အနေနဲ့ ချပြဖို့ လိုအပ်လာပြီလို့ ကိုဂျင်မီက အခုလို ဆက်ပြောခဲ့ပါတယ်။

"အစိုးရ testy၊ အစိုးရ test ဆိုတာ မူဝါဒပိုင်းဆိုင်ရာမှာ တခုပြီးတခု အားနည်းချက်တွေရှိလာနေပြီဆိုရင် ဒါကို ကျနော်တို့ ပြန်ဆန်းစစ်ရတော့မယ်လေ။ Freedom of Press ကို ဘယ်လိုပုံစံနဲ့ပေးသလဲ။ ဘယ်လို အနေအထားမျိုးတွေဖြစ်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့လိုလာပြီ။ အဲဒီတော့ Freedom of Press နဲ့ပတ်သက်တဲ့ အစိုးရရဲ့ မူဝါဒကို ကျနော်တို့ တိတိကျကျသိဖို့တော့ လိုလာပြီ။ အဲဒါကိုလည်းအတိအကျ ဖော်ပြဖို့လိုလာပြီ။ Freedom of Press ဆိုတာ ဘာလဲဆိုတာကို ပြဌာန်းပေးဖို့ လိုလာပြီဆိုတာကိုပေ့ါ။"

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ပြောပြခဲ့တာပါ။ ဒီ ၂၀၁၂ ခုနှစ် World Press Freedom နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ Freedom House အဖွဲ့ကြီးကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ - မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်အတွင်း သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်လာ တာနဲ့အတူ မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့်ဟာ အရင်ကထက် တိုးတက်လာတာကို တွေ့ခဲ့ ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး အခြေအနေ အမှတ် ၁၀၀ မှာ အရင် ၉၄ မှတ်ရနေရာ ကနေ ဒီ ၂၀၁၂ ခုနှစ် အစီရင်ခံစာမှာ ၈၅ မှတ်အထိ လျှော့ကျပြီး အခြေအနေ တိုးတက်လာ တာကို အသိအမှတ်ပြုခံရတာဖြစ်ပါတယ်ရှင်။

This item is part of
XS
SM
MD
LG