သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးအကျဉ်းသားဟောင်း Passport လျှောက်လွှာတွေ ကြန့်ကြာ


နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ နိုင်ငံကူးလက်မှတ်လုပ်ရာမှာ အခက်အခဲနဲ့အတူ ကြန့်ကြာမှုတွေ ကြုံနေရပါတယ်။ အကြောင်းပြချက် တိတိကျကျ မသိရဘဲ နေပြည်တော် ကို တင်ပြထားတယ်လို့သာ သက်ဆိုင်ရာဌာနက ပြောပေမယ့် ဒါဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်နေတာကြောင့်လားလို့ ယူဆစရာတွေ တွေ့နေရတယ်လို့လည်း နိုင်ငံကူးလက်မှတ် လျှောက်သူတွေက ပြောနေကြပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

သာမန်နိုင်ငံသားတစ်ဦးဆိုရင် ရက်ပေါင်း ၂၀ ကျော်၊ သီတင်းသုံးပတ်လောက်အတွင်း (Pass Port) နိုင်ငံကူးလက်မှတ် ရတာဖြစ်ပေမယ့် အခု နိုင်ငံရေးအကျဉ်းသားဟောင်း အများစုဟာ လနဲ့ချီကြာနေတာတောင် Pass Port စာအုပ် မရကြတဲ့ ပြဿနာ ကြုံနေကြရတာပါ၊ အဲဒီအထဲကမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဆိုရင် စာအုပ်လျောက်ထားတာ သုံးလနီးပါး ရှိနေပြီ ဖြစ်နေပေ မယ့် အခုထိ Pass Port စာအုပ်မရသေးသလို အတိအကျ စုံစမ်း မရဖြစ်နေတယ်လို့ ကိုကိုကြီးက ပြောပါတယ်။

“ကျနော် နိုင်ငံကူးလက်မှတ်တင်တဲ့အချိန်တုန်းက တာဝန်ရှိတဲ့ သူတွေက သီးခြားညွှန်ကြားထားတာတွေ ရှိပါတယ်။ ကျနော်တို့ ထောင်ထွက်ဝရမ်းကို မိတ္တူဆွဲပြီးတင်ရမယ်ဆိုလို့ ကျနော်တင်တယ်။ နောက်တခါ သီးခြားလျှောက်လွှာ တစ်စောင်တင်ပါဆိုလို့ သို့-အတွင်းရေးမှူး၊ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ ဆိုပြီးတော့ လိပ်မူတပ်ပြီးတော့ နောက်ထပ် တစ်စောင် ရေးရပါတယ်။ အဲဒီမှာ ကျနော်က ဘယ်နေ့၊ ဘယ် ရက်ကနေ ဘယ်ပုဒ်မနဲ့ ဘယ်နှစ်နှစ် ထောင်ဒဏ်ကျခံခဲ့ရ တယ်၊ဘယ်နေ့မှာ ပြန်လွတ်တယ်။ နောက် တစ်ကြိမ်အဖမ်းခံရတယ်၊ ပြန်လွတ်တယ်- အစရှိ သဖြင့်ပေါ့။ အဲဒါအားလုံးကို အပြည့်အစုံ ရေးပေးပါဆိုလို့ ကျနော် ရေးပေးရပါတယ်။ သုံးပတ်ပြည့်လို့ ကျနော် စုံစမ်းကြည့်တော့ တင်ထားတယ်လို့ပဲပြောတယ်။ အခုအချိန်အထိ ဘာမှ အကြောင်းမပြန်ဘူး။”

၂၀၁၂ ဇန်နဝါရီလထဲမှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထဲက ကျောင်းသားတွေဆိုရင် သက်ဆိုင်ရာတက္ကသိုလ်တွေကို ကျောင်းပြန်တက်ဖို့ လျောက်ကြပေမယ့် လည်း ကျောင်းပြန်တက်ခွင့်မရတာမျိုးတွေ ရှိနေပါတယ်။ နိုင်ငံထဲမှာ ကျောင်းပြန်တက်ခွင့်မရလို့ တိုင်းပြည်ပြင်ပမှာ ပညာသွားသင်လိုသူ၊ လေ့လာရေးနဲ့ဆွေးနွေးပွဲလိုမျိုး သွားတက် ချင်သူတွေအတွက်လည်း အလားတူ နိုင်ငံကူး လက်မှတ် ထုတ်မရတာတွေ ကြုံနေရတာလည်း ရှိပါတယ်။

နှစ်ရှည် လူငယ်နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ blogger (ဘလော့ရေးသားသူ) ကိုနေဖုန်းလတ် ဆိုရင် ဖေဖော်ဝါရီလကတည်းက Pass Port လျှောက်ထားပေမယ့် အခုချိန်ထိမရသေးပါဘူး။ တရားဝင် ထုတ်ပြန်ချက်မရှိဘဲ တစ်နှစ် ဆိုင်းငံ့လုပ်ထားတဲ့အထဲမှာ ပါတယ်လို့သာ သိရတယ်လို့လည်း ကိုနေဖုန်းလတ်ကလည်း ရှင်းပြပါတယ်။

“သင်္ကြန်မတိုင်ခင်က သွားစုံစမ်းတဲ့အခါကျတော့ သူတို့က - ကျနော်တို့ကိစ္စတွေက နေပြည်တော်တင်ပြီး board ထိုင်ရတယ်တဲ့- အဲဒီကနေပြီးမှ ဆုံးဖြတ်တယ် ဆိုပြီးတော့မှ ကျနော့်ကို သင်္ကြန်ပြီးမှ လာမေးပါ လို့ ပြောတယ်ဗျ။ အဲဒါနဲ့ သင်္ကြန်အပြီး ကျနော်သွားမေးတဲ့အခါကျတော့ ဘယ်သူကမှ အတိအကျ မပြောဘူး။ SB နဲ့ ကျနော် စုံစမ်းကြည့်တဲ့ အခါကျတော့ - ညီလေးတို့ဟာက တနှစ် ဆိုင်းငံ့ထဲမှာ စာရင်းပါနေတယ်တဲ့- တကယ်လို့ လိုချင်တယ်ဆိုရင်- ဟိုဘက်က တခုခု ဖိတ်စာနဲ့ - အဲဒါနဲ့ ထပ်ပြီးတော့ တင်ကြည့်ပါတဲ့- အဲလိုပြောတာနဲ့ ကျနော့်ကို အမေရိကား Iowa တက္ကသိုလ်က လုပ်တဲ့ International Writing Program – IWP ကပေါ့နော်။ အဲဒီက ဖိတ်ထားတာရှိတယ်ဗျာ။ ကျနော် အဲဒီကို သွားချင်တဲ့အတွက် ကျနော့်ကို နိုင်ငံကူး လက်မှတ် ထုတ်ပေးပါဆိုတာကို ကျနော် ပြန်ပြီးတော့ တင်ထားတယ်ဗျ။ အဲဒါကတော့ ဘာမှ အကြောင်း မပြန်သေးဘူး။”

ဒီမိုကရေစီနဲ့အတူ အပြောင်းအလဲဘက်ကို သွားနေတဲ့ မြန်မာနိုင်ငံအတွက် တိုးတက်မှုတွေ ပိုရှိ လာအောင် ပြည်ပရောက် ပညာရှင် မြန်မာနိုင်ငံသားတွေ ပြန်လာပြီး အလုပ်လုပ်ကြဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် မကြာသေးခင် ရက်ပိုင်းကပဲ ထပ်မံတိုက်တွန်းပြောဆိုထားပါတယ်။ ဒါပေမယ့် ပြည်ပနေထိုင်သူတွေ ပြန်ဖို့ ကန့်သတ်ချက်တွေရှိနေဆဲ ဖြစ်နေသလို ပြည်တွင်းမှာဆိုရင် လည်း ပြည်ပထွက်လိုတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ခွဲခြားဆက်ဆံခံထားရတယ်လို့ မြင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက သုံးသပ်ပါတယ်။

“ကျနော်တို့ နိုင်ငံသားချင်းတူရင်တောင်မှ နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ထောင်ဒဏ်တွေ နှစ်ပေါင်းများစွာ ကျခံရတယ်။ ထွက်လာပြီးတဲ့အချိန်မှာလည်း သာမန်နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးတောင်မှ မရဘူး ဆိုရင်တော့ ကျနော်တို့က ဒုတိယတန်းစား နိုင်ငံသားတစ်ယောက်လိုမျိုး ခွဲခြားဆက်ဆံခံနေရတယ်လို့ပဲ ခံစားရတယ်။ ပြည်ပက ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျနော်တို့ ပြည်တွင်းမှာက အခု ချိန်အထိ အရွယ်နဲ့မမျှတဲ့ မချိမဆန့် ထောင်ဒဏ်တွေ ချပြီးတဲ့အပြင်မှာကို နောက်ထပ် ထပ်ပြီး ပိတ်ဆို့မှုတွေ အခုအချိန်အထိ ခံနေရဆဲ ဖြစ်နေတာပေါ့။”

ဒါကတော့ နိုင်ငံကူးလက်မှတ်လျောက်ရာမှာ အခက်အခဲရှိနေတဲ့ အကြောင်းတွေကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်ကြတဲ့ ကိုကိုကြီးနဲ့ ဘလော့ဂါ ကိုနေဖုန်းလတ်တို့ ပြောပြခဲ့တာပါရှင်။ သူတို့လိုပဲ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ ဆိုရင်လည်း ပြင်သစ်နိုင်ငံကိုသွားဖို့ အစီအစဉ်ရှိပေမယ့် အခုအချိန်အထိ နိုင်ငံကူးလက်မှတ် မရသေးတဲ့ အခြေအနေမျိုး ကြုံနေရတာလည်း ရှိနေပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပြီဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ဇွန်လ ဒုတိယပတ်လောက်ထဲမှာ နော်ဝေနဲ့ ဗြိတိန်နိုင်ငံတွေကို ခရီးထွက်ဖို့ စီစဉ်ထားပါတယ်ရှင်။

XS
SM
MD
LG