သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့မှု ရုပ်သိမ်းရေး သတိထားသင့်


မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လမ်းလွဲမသွားရလေအောင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားရာ ရောက်ဖို့အတွက်သတိထားဆောင်ရွက်ဖို့ အမေရိကန် အခြေစိုက် ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကို အားပေးတဲ့ အဖွဲ့ပေါင်း ၁၂ ခုက သမ္မတ အိုဘားမားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အချိန်မတန်သေးဘူးလို့လည်း သူတို့က ပြောပါတယ်။ ဘာကြောင့် အခုလို ပြောဆိုကြတာ ပါလဲဆိုတာ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း ပြန်ရုပ် သိမ်းနေချိန်၊ လာမယ့် မေလ ၂၀ ရက်နေ့မှာလည်း အမေရိကန်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်မှု ဥပဒေတွေကို နောက်ထပ် သက်တမ်းတိုးမတိုး ဆုံးဖြတ်ဖို့ ရှိနေချိန် မှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရာမှာ သတိထား ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံမှာ အခြေစိုက်တဲ့ ကျင့်ဝတ် သိက္ခာနဲ့ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုသာ အားပေးတဲ့ အဖွဲ့ပေါင်း ၁၂ ဖွဲ့က အမေရိကန်သမ္မတ အိုဘားမားဆီကို မေလ ၁၁ ရက်နေ့က စာရေးသား ပေးပို့ပြီး တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဆင်သင့် အနေအထားမှာ မရှိသေးဘူးလို့ အခု တိုက်တွန်းစာ ရေးသားတဲ့အဖွဲ့ ၁၂ ဖွဲ့ထဲက တခုဖြစ်တဲ့ Conflict Risk Network အဖွဲ့ ညွှန်ကြားရေးမှူး Kathy Mulvey က ပြောပါတယ်။

“ကျမတို့ ရဲ့ စိုးရိမ်ချက်၊ ကျမတို့နဲ့အတူ ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့တွေရဲ့ စိုးရိမ်ချက်က မြန်မာနိုင်ငံတွင်း တရားဥပဒေ စိုးမိုးမှု မရှိသေးဘဲနဲ့ နောက် ရင်းနှီးမြှုပ်နှံသူတွေကို ဖွဲ့စည်းပုံဥပဒေအရ အကာအကွယ်ပေးတဲ့ အာမခံချက် တစုံတရာ မရှိသေးဘဲနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်သင့်သေးဘူး ဆိုတာပါ။ အထူးသဖြင့် ခုချိန်မှာ သဘာ၀ သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ဆက်ပြီး ရှိနေတုန်းပါ။ အခုလိုအချိန်မျိုးမှာ ရင်းနှီးမြှုပ်နှံမှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုပြီး ဆိုးရွားအောင် တွန်းအားပေး ရာ ရောက်နိုင်သလို ဒီမိုကရေစီ တိုးတက် ပြောင်းလဲမှုတွေကို ထိခိုက်ကောင်း ထိခိုက်နိုင်ပါတယ်။”

အခုလို စိုးရိမ်ချက်တွေကြောင့် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတဲ့နေရာမှာ သတိနဲ့ ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းတာဖြစ်တဲ့အကြောင်း Kathy Mulvey က ပြောပါတယ်။

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့ တိုးတက် ပြောင်းလဲမှုတွေကို ကျမတို့ ချီးကျူး ဂုဏ်ပြုချင်ပါတယ်။ တချိန်တည်းမှာလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ အဖြစ်မှန် အခြေအနေ၊ ပြည့်စုံ ခိုင်မာတဲ့ အချက်အလက်တွေကို သိဖို့လိုပါတယ်။ ဥပမာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှုတွေ၊ အဂတိ လိုက်စားမှုတွေအတွက် အဓိက တာဝန်ရှိသူတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပါ။ မကြာသေးခင်က အစီရင်ခံစာတွေအရ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ ကျမတို့ ရင်းနှီးမြှုပ်နှံသူများ အဖွဲ့တွေရဲ့ အဓိက စိုးရိမ်ချက်က ကချင်ပြည်နယ်လို ဒေသတွေမှာ စစ်တပ်အင်အား တိုးချလာနေတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။”

အိုဘားမားအစိုးရအနေနဲ့ ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးတဲ့ ရင်းနှီးမြှုပ်နှံရှင် အဖွဲ့တွေရဲ့ စိုးရိမ်ချက်တွေကို အလေးထားပြီး ဒီ မေလ ၂၀ ရက် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲ လုပ်သင့်မသင့် စဉ်းစားရာမှာရော နောက်ပိုင်း ကိစ္စတွေမှာပါ ထည့်သွင်း စဉ်းစား လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း လည်း Kathy Mulvey က ပြောပါတယ်။

ဒေါ်လာသန်းပေါင်း ၁ သိန်း ၁ သောင်း ၅ ထောင်ကျော် ပိုင်ဆိုင်မှု ငွေပမာဏ အင်အားရှိတဲ့ ရင်းနှီးမြှုပ်နှံ သူတွေ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစုရှယ်ယာရှင်တွေက သမ္မတ အိုဘားမားကို လက်မှတ်ရေးထိုး ပေးပို့ ခဲ့ကြ တာပါ။ ဒီလို အရေးပါတဲ့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းရဲ့ အသံဖြစ်လို့ အစိုးရအနေနဲ့ အလေး အနက်ထား စဉ်းစားသင့်တယ်လို့လည်း Kathy Mulvey က ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသက်တမ်း တိုးသင့် မသင့်ကို ဒီလ ၂၀ ရက်နေ့မှာ ဆုံးဖြတ်ကြမှာဖြစ်သလို အမေရိကန် ဥပဒေပြု လွှတ်တော် အမတ်တွေအကြား မှာလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အားလုံးကို ရုပ်သိမ်းလိုက်ဖို့ တိုက်တွန်းနေသူတွေရှိသလို တဖြည်းဖြည်းချင်း ရုပ်သိမ်းဖို့ နားချနေသူတွေ လည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရေရှည်ခိုင်မာတဲ့ စီးပွားရေးတရပ် တည်ဆောက်နိုင်ဖို့နဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းက သူတို့ရဲ့ လုပ်ငန်းတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့ အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို ရှေ့ဆက် တွန်းအားပေးရာရောက်ဖို့ အတွက် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကလည်း အမေရိကန် စီးပွားရေးကုမ္ပဏီ ၁၃ ခုက သမ္မတ အိုဘားမားဆီကို စာရေးသား ပေးပို့ခဲ့ကြပါသေးတယ်ရှင်။

XS
SM
MD
LG