သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်ခြင်းအတွက် ရုန်းကန်မှုများ ဒေါ်စု ပါဝင်ဆွေးနွေးမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု မေလ ၁၅ ရက်နေ့၊ အမေရိကန် စံတော်ချိန် မနက်ပိုင်းမှာ ကမ္ဘာအရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုဖို့ ရှိနေပါတယ်။

အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ပြုလုပ်မယ့် ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် တိုက်ရိုက် ဗွီဒီယိုမိန့်ခွန်း ပြောဆိုမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ သမ္မတဟောင်းဘွတ်ရ်ှရဲ့ ဇနီးဖြစ်သူ Laura Bush က ဒေါ်အောင်ဆန်းစုကြည်အကြောင်း မိတ်ဆက် စကားပြောဖို့ စီစဉ်ထားပါတယ်။

သမ္နတ ဘွတ်ရ်ှကလည်း ကမ္ဘာအဝှမ်း လွတ်မြောက်ရေးလှုပ်ရှားမှုမှာ တိုက်ပွဲဝင်နေသူတွေအကြောင်းကို မှတ်ချက် မိန့်ခွန်းစကား ပြောဖို့ ရှိပါတယ်။ ၂၀ ရာစုနဲ့ ၂၁ ရာစုအတွင်း လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ဖိနှိပ်တဲ့အစိုးရအောက် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ ရဲစွမ်းသတ္တိ ပြည့်ဝတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့အကြောင်းကို ဖော်ပြတဲ့ Freedom Collection လွတ်မြောက်ရေး တိုက်ပွဲဝင် သူများရဲ့ အတ္ထုပ္ပတ္တိကိုလည်း ပြသဖို့ ရှိပါတယ်။

အဲဒီအထဲမှာတော့ မြန်မာနိုင်ငံကဆိုရင် ဒေါက်တာစင်သီယာမောင်၊ ရှမ်းတိုင်းရင်းသား နန်းချန်တောင်း၊ ချင်းတိုင်ရင်းသူ ချယ်ရီဇာဟောင်း၊ မြန်မာတိုင်းရင်းသူ မခင်ဥမ္မာနဲ့ ရွှေဝါရောင်တော်လှန်ရေးမှာပါခဲ့တဲ့ ပခုက္ကူကျောင်းတိုက်တခုက အရှင်ဣသရိယတို့အကြောင်းကို ထည့်သွင်း ဖော်ညွှန်းထားပါတယ်။

သမ္မတဟောင်းဘွတ်ရ်ှဟာ သူ့သမ္မတ သက်တမ်းနှစ်ခုအတွင်း မြန်မာ့အရေးကို အရေးတယူ ပြတ်ပြတ် သားသား ကိုင်တွယ်ခဲ့သူလို့ လှုပ်ရှား တက်ကြွသူတွေအကြား ထင်ရှားပါတယ်။ သူလက်ထက်မှာပဲ စစ်အစိုးရကို နှစ်ကြိမ်တိုင်တိုင် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ Laura Bush ဟာလည်း မြန်မာ့အရေးကို စိတ်ဝင်စားပြီး ဒေါ်အောင်ဆန်းစုကြည်ကို တက်တက်ကြွကြွ အားပေးထောက်ခံခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်အတွင်းမှာ ထိုင်း မြန်မာနယ်စပ်ကို သွားရောက်ခဲ့ပြီး အဲဒီမှာ မြန်မာဒုက္ခသည်တွေ လူမှုရေးအဖွဲ့တွေကို တွေ့ဆုံ အားပေးခဲ့ပါတယ်။

XS
SM
MD
LG