အီရန်နိုင်ငံအနေနဲ့ နျူကလီယားလက်နက်ထုတ်ဖို့ ကြိုးပမ်းနေမှုရှိမရှိဆိုတာကို လေ့လာ စုံစမ်းနိုင်ဖို့အတွက် အီရန်နိုင်ငံအတွင်းက နျူကလီယားစက်ရုံတွေ၊ အထောက်အထားတွေ လူပုဂ္ဂိုလ်တွေကို စုံစမ်းရေးမှူးတွေ ကိုယ်တိုင် သွားရောက် တွေ့ဆုံစစ်ဆေးခွင့်ပေးဖို့ IAEA ကုလသမဂ္ဂ နျူကလီယား စွမ်းအင်အေဂျင်စီက ထပ်မံတိုက်တွန်း တောင်းဆိုပါတယ်။
အခုလာမယ့် တနင်္လာနေ့ ဗီယက်နာမှာလုပ်မယ့် နှစ်ဘက် ဆွေးနွေးပွဲမတိုင်ခင်မှာ IAEA ကိုယ်စားလှယ် အဖွဲ့ အကြီးအကဲဖြစ်သူ Hermann Nackaerts က အခုလို ပြောသွားတာပါ။
အီရန်နိုင်ငံနဲ့ အပြုသဘောဆောင်ပြီး ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ သူက သတင်းထောက်တွေ ကို ပြောပါတယ်။ နှစ်ရက်ကြာ လုပ်မယ့် အဲဒီ ဆွေးနွေးပွဲရဲ့ အဓိကအကြောင်းရပ်ကတော့ အီရန်နိုင်ငံ Tehran အနီးက Parchin စစ်ဘက်ဆိုင်ရာ နေရာကို IAEA က သွားရောက်ခွင့်မရတဲ့ ကိစ္စပဲဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ အဲဒီနေရာမှာ အလုံပိတ်အခန်းတခုကို တည်ဆောက်နေပြီး အဲဒါဟာ နျူကလီယား စမ်းသပ်မှုလုပ်ဖို့ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက သံသယရှိနေကြပါတယ်။ အဲဒီနေရာကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေ မလာနိုင်ခင်မှာပဲ အထောက်အထားတွေကို ဖျောက်ဖျက်ဖို့အတွက် အီရန်ဘက်က ကြိုးပမ်းနေတယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲထားပါတယ်။ ဒီ စွပ်စွဲချက်ဟာ ကလေးကလား ဆန်ပြီးတော့ အခြေအမြစ်မရှိဘူးလို့ အီရန်ဘက်ကတော့ ငြင်းဆန်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်ငါးနိုင်ငံနဲ့ ဂျာမန်နိုင်ငံတို့ဟာ ဗီယက်နာ အစည်းအဝေး အခြေအနေကို အကဲခတ်နေပါတယ်။ လာမယ့်သတင်းပတ်ထဲမှာလည်း ဘဂ္ဂဒတ်မှာ အီရန်တာဝန်ရှိ သူတွေနဲ့ သူတို့တွေ့ဖို့ ရှိနေပါတယ်။ ဒီ ခြောက်နိုင်ငံစလုံးဟာ အီရန်နျူကလီယား စက်ရုံတွေမှာ နျူကလီယားလက်နက် ထုတ်နိုင်ခြေ ရှိမရှိဆိုတာကို စုံစမ်းစစ်ဆေးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။