သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု အမေရိကန် ယာယီရုပ်သိမ်း


ဆယ်စုနှစ်တွေနဲ့ချီပြီး ဒဏ်ခတ်မှုတွေ ချမှတ်ထားတာကို ရပ်ဆိုင်းကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေအပေါ် တုံ့ပြန်ပြီး ဆက်ဆံရေးတွေ တိုးမြှင့်သွားမယ်လို့ ကြေညာထားတဲ့ အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးတွေကိုလည်း အပြန်အလှန် ရွေးချယ် ခန့်အပ်လိုက်တဲ့အကြောင်းကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးတို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကိုယ်တိုင် သတင်းသွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ ရောင်းချမှုတွေကလွဲလို့ အရေးယူ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ပေးသွား မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြေညာလိုက် တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို တားမြစ်တားတဲ့ ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ ဥပဒေ တရပ် ဒီသီတင်းပတ်ကုန်မှာ ကုန်ဆုံးတော့မယ့် အချိန်မှာပဲ အမေရိကန်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ အပြီး ပြောဆိုလိုက်တာပါ။ ပြစ်ဒဏ် ခတ်ထားတာတွေ ဖယ်ရှားပေးမှာ ဖြစ်တဲ့အတွက် အမေရိကန် စီးပွားရေးနဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြဖို့လည်း ဝန်ကြီး ကလင်တန်က တိုက်တွန်းသွားပါတယ်။

“အမေရိကန် စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်နိုင်ခွင့် ရမယ့် အစီအစဉ်သစ်တွေကို လည်း ဒီကနေ့ ကျမအနေနဲ့ ကြေညာလိုပါတယ်။ ဒါဟာဆိုရင် ဒီကနေ့အချိန် အထိ ကျမတို့ ကျင့်သုံးနေတဲ့ မူဝါဒဟောင်းကနေ သိသိသာသာ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ခရက်ဒစ် အကြွေးပေးတဲ့စနစ်နဲ့ ဒေါ်လာငွေကို အခြေခံတဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို မြန်မာနိုင်ငံသားတွေ အသုံးပြုနိုင်ဖို့အတွက် စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မယ့် လုပ်ငန်းလိုင်စင်တွေကို အမေရိကန် ပြည်ထောင်စုက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့အချိန်မှာ အမေရိကန် စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြပါလို့ ကျမတို့ ပြောချင်ပါတယ်။”

ဒါပေမဲ့လည်း အမေရိကန် စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ တာဝန်သိသိနဲ့ လုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ လည်း မျှော်လင့်ထားတဲ့အကြောင်း ဝန်ကြီးကလင်တန် ကပြောဆိုခဲ့တာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်ဖို့ အပါအဝင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်တာကို မြင်လိုတယ်လို့ လည်း ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျမတို့ အနေနဲ့ ဆက်လက်ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မြှင့်တင်တဲ့ ဥပဒေတွေ၊ လုပ်ဆောင်ချက်တွေကိုလည်း မြင်ချင်ပါတယ်။ တိုင်းပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက အလေးအနက်ထား ပိုင်းဖြတ်ချက်ချထားတာပါ။ အသွေးအရောင်စုံတယ် ဆိုတာဟာ တိုင်းပြည် တခုရဲ့ ခွန်အားအဖြစ် ကျမတို့ ယုံကြည်ထားပါတယ်။”

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူ ၅၀၀ လောက်ရှိနေဆဲ ဖြစ်တယ်လို့ ပြောဆိုနေကြတာပါ။ ဒီအတွက်လည်း အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့လို နိုင်ငံတွေက ဆက်လက် ဖမ်းဆီးထားသူတွေ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဍမောင်လွင် ကတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကစလို့ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရသစ်အဖြစ် တက်လာပြီးနောက် နိုင်ငံရေး အကျဉ်းသားပေါင်း ၂သောင်း ၈ ထောင်ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီးဖြစ် သလို ကျန်နေသူ တချို့ဟာဆိုရင်လည်း ရာဇဝတ်မှုကျူးလွန်သူတွေဖြစ်တာကို တွေ့ရတယ်လို့ ကာကွယ်ပြောဆိုသွားတာပါ။

“ဇန်နဝါရီလမှာ နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ အချိန်အထိဆိုရင် ဒီစာရင်းတွေထဲက အများစုကို လွှတ်ပေးလိုက်ပြီး ဖြစ်ပါတယ်။ စာရင်းထဲမှာ ပါနေသူတွေထဲက တချို့ကျန်နေတာတာ့ ရှိပါတယ်။ ဒါပေမဲ့လည်း စာရင်းတွေကို အသေအချာ စစ်ဆေးပြီးတဲ့ အခါမှာတော့ ဒီလူတွေထဲမှာ တချို့ဟာ လူသတ်မှု၊ မုဒိန်းမှု၊ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်မှုတွေလို ရာဇဝတ်မှုနဲ့ အရေးယူထားတာတွေ တွေ့ရပါတယ်။”

မြန်မာနိုင်ငံမှာ ဧပြီလဆန်း လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက်ပိုင်းမှာပဲ အမေရိကန် ပြည်ထောင်စုကတော့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်ထားတာတွေ လျှော့ပေါ့ပြီး သံတမန် အဆက်အသွယ်တွေ တိုးမြှင့်သွားဖို့ ကြေညာထားတာပါ။ သံတမန် ဆက်ဆံရေးတွေ တိုးမြှင့်တဲ့ အနေနဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး တာဝန် ယူထားသူ Derek Mitchell မြန်မာနိုင်ငံဘက်ကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး တာဝန်ယူထားသူ ဦးသန်းဆွေ တို့ကို အပြန်အလှန် ခန့်အပ်ဖို့လည်း သတင်းစာရှင်းလင်းပွဲအတွင်း ကြေညာ သွားပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံ ၂ နိုင်ငံကြား ဆက်ဆံရေးတွေ အခုလို ကြီးထွားလာနေတာ မို့ မြန်မာနိုင်ငံ အထီးကျန်အဖြစ် ရှိနေစဉ်မှာ အဓိကကျောထောက် နောက်ခံပေးထားတဲ့ တရုတ်နိုင်ငံနဲ့ ရင်းနှီးမှုတွေမှာ အကျိုးဆက်တွေ ရှိလာနိုင်တယ်လို့လည်း ဆန်းစစ်သူတွေက တွက်ဆနေကြတာပါ။ ဝန်ကြီး ကလင်တန် ကတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ အပြန်အလှန် အကျိုးစီးပွားပေါ်မှာသာ အခြေခံပါ တယ်လို့ ပြောသွားပါတယ်။

“ဒါဟာ တခြားနိုင်ငံတွေနဲ့ မဆိုင်ပါဘူး။ ဒါဟာ ကျမတို့ချင်း ကြားမှာသာ ဖြစ်ပါတယ်။ ကျမတို့ အကဲခတ် စောင့်ကြည့်နေတဲ့ အပြောင်းအလဲတွေ၊ ဒီလိုဖြစ်ထွန်းမှုတွေကို ဆက်လက် ဖြစ်ပေါ်စေချင်တဲ့ ကျမတို့ရဲ့ ဆန္ဒတွေအပေါ်မှာ အမြစ်တွယ် ပေါက်ဖွားလာတာပါ။ တွေ့နေကြရတဲ့ အတိုင်းပါပဲ အိမ်နီချင်း နဲ့ ဒေသတွင်းကရော နိုင်ငံတကာကပါ ဆက်ဆံရေးတွေ တည်ဆောက်ပြီး ခိုင်မာအောင် ကြိုးပမ်း နေကြတဲ့ တိုင်းပြည်တွေ အများကြီး ရှိလာလိမ့်မယ်လို့လည်း ကျမတို့ အပြည့်အ၀ မျှော်လင့်ထားပါတယ်။ လွတ်လပ်ခွင့်နဲ့ လူတွေကို အခွင့်အလမ်းတွေ ပိုပေးတာဟာ ကောင်းတယ်လို့လည်း ကျမထင်ပါတယ်။ ဒီနေရာမှာ ကျမတို့ လည်း မိတ်ဆွေအဖြစ် ပါဝင်လာတဲ့အတွက် ကျေနပ်ပါတယ်။”

မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေမှာ ဒီမိုကရေစီအင်အားစုတွေ ပါဝင်ခွင့်ရှိလာတာ၊ နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေ တွေ့မြင်လာရတဲ့အပေါ်မှာတော့ သမ္မတဦးသိန်းစိန်၊ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေ အပေါ်မှာလည်း ဝန်ကြီးကလင်တန်က ချီးကျူးစကားလည်း ပြောဆိုသွားတာပါ။

XS
SM
MD
LG