သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် နိုင်ငံသားတွေအတွက် မြန်မာသံရုံး တံခါးဖွင့်ထား (မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခြင်း)


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင် ဒေါ်ခင်စိုးဝင်း(ဗွီအိုအေ-မြန်မာဌာန) မှ သီးသန့်တွေ့ဆုံမေးမြန်းစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို နယူးယောက်မြို့ရှိ မြန်မာသံရုံးတွင် ဒေါ်ခင်စိုးဝင်း(ဗွီအိုအေ-မြန်မာဌာန) မှ သီးသန့်တွေ့ဆုံမေးမြန်းစဉ်။ (မေလ ၁၈ ရက်၊ ၂၀၁၂။)

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ သံအမတ်ကြီးအဆင့် ပြန်လည်ဆက်ဆံပြီး ပိတ်ဆို့ မှုတွေ လျှော့ပေါ့ပေးခြင်းအားဖြင့် မြန်မာလူထုအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်လာနိုင်မယ် လို့ မျှော်လင့််သလို နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ အပြောင်း အလဲကို ပိုမိုအသိမှတ်ပြု နားလည်သဘောပေါက်လာမှာဖြစ်လို့ အရေးပါကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုလိုက်ပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ရေး အဆင်ပြေအောင် သံရုံးအသီးသီးကို ညွှန်ကြားထားကြောင်းလည်း ပြောပါတယ်။ နယူးယောက်မြို့ ကုလသမ္မဂဆိုင်ရာ မြန်မာအမြဲတန်း ကိုယ်စားလှယ်အဖွဲ့ရုံးမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေ မြန်မာဌာနရဲ့အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီးတော့ EU ဥရောပ သမ္မဂ တို့၊ နောက် အမေရိကန် ပြည်ထောင်စုတို့ကနေပြီးတော့ အရင်တုန်းက တားဆီးပိတ်ဆို့ထားတာတွေ ကို ဖြေလျှော့ပေးပါတယ်။ တချို့ဆိုလို့ရှိရင် EU ဥရောပသမ္မဂဆိုလို့ရှိရင် လုံးဝ ရုပ်သိမ်းပေးလိုက်တဲ့ သဘော ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ ယာယီဆိုင်းငံ့တဲ့သဘော ဖြစ်ချင်လည်း ဖြစ်မယ်၊ အဲဒီအခါကျတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံရဲ့ဆက်ဆံရေးက ဒီလိုမျိုး တိုးတက်ကောင်းမွန် လာ တာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အရေးပါတယ်လို့များ ယူဆပါသလဲရှင့်။

ဦးဝဏ္ဏမောင်လွင် ။ ။“နိုင်ငံတော်ရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ် အသွင်ကူးပြောင်းမှုတွေကို အား တက်သရော ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့လုပ်လာတဲ့အခါမှာ ဒီနိုင်ငံကြီးတွေ က နေပြီးတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို သူတို့အနေနဲ့ အလွန်ပဲ ချီးကျူးတယ်၊ အသိ အမှတ်ပြုတယ်။ ဘာ့ကြောင့်လဲ၊ သူတို့မျှော်လင့်ထားတဲ့ ခြေလှမ်းတွေထက် ပိုပြီးတော့ ကျနော်တို့ က မြန်ဆန်စွာနဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုကဏ္ဍကို- အထူးသဖြင့်တော့ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံ ဒီမို ကရေစီစနစ်ကို နိုင်ငံရေးအရလည်း လက်တွေ့ တည်ဆောက်တယ်။ လူတွေရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုလည်း ကျနော်တို့က အားတက် သရော၊ နေ့စဉ်နဲ့ အမျှ ဆောင်ရွက်နေ တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီ နိုင်ငံကြီးတွေကလည်းပဲ အသိအမှတ်ပြုလာခဲ့ပြီးတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး သူတို့ဘက်ကလည်းပဲ ဖြေလျှော့မှုတွေ လုပ်လာတယ်။

ဒီလို လုပ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထူးသဖြင့် စီးပွားရေးပိုင်းမှာ ပိုပြီးတော့ တိုးတက်ဖို့၊ လျှင်မြန်ဖို့ ဖြစ်လာမယ်။ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံချက်တွေမှာလည်းပဲ ပိုပြီးတော့ အရှိန်အဟုန်ရလာမယ်။ ဒါဆိုရင် လူတွေရဲ့ လူမှုစီးပွားရေး ဘဝ တိုးတက်ဖို့အတွက်ကို တဘက်တလမ်းကနေပြီးတော့ အထောက်အကူ ပြုပေးလာမယ့် အနေ အထားတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အနေနဲ့ကတော့ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းပြီးတော့ မိမိအပေါ်မှာ ပြန်လည်ရင်းနှီးလာအောင်၊ နွေးထွေးလာအောင် လက်ကမ်း လာတဲ့ နိုင်ငံကြီးတွေနဲ့လည်းပဲ ကျနော်တို့အနေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေကို ထူထောင်သွားပြီးတော့ အဓိက-ကတော့ ကျနော်တို့ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာဖို့၊ စီးပွားရေးဘဝတွေ၊ လူနေမှုအဆင့်အတန်းတွေ ပိုပြီး မြင့်မားလာဖို့ အတွက် ဒီလို နိုင်ငံအများအပြားနဲ့ ပူးပေါင်းဆောင်ရွက် တာတွေဟာ လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အခုအချိန်မှာ နိုင်ငံကြီးတွေနဲ့ဆက်ဆံရေး တိုးတက်လာတာဟာ နိုင်ငံတော်အတွက် အားရ ဖို့ ကောင်းတယ်၊ အထူးသဖြင့် ပြည်သူလူထုရဲ့ အခွင့်အလမ်းတွေ ပိုပိုပြီးတော့ ရလာမယ်။ လုပ်ငန်း ကိုင် ငန်းတွေလည်း တိုးတက်လာမယ်။

တခါ ကျနော်တို့လိုချင်တဲ့ လယ်ယာကို အခြေခံတဲ့ စက်မှုနိုင်ငံအဖြစ် ပြောင်းလဲဖို့မှာလည်း ကျနော်တို့ အတွက် အထောက်အကူ ဖြစ်လာမယ်၊ ဒီလို တိုးတက်မှု အခြေအနေတွေ ဟာ နိုင်ငံတော် အတွက်၊ ပြည်သူ လူထုအတွက် ကောင်းတဲ့အခွင့်အလမ်းတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်လို့ ရပါတယ်။”

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့- အခု အမေရိကန်ပြည်ထောင်စုကနေပြီးတော့ အမေရိကန် ကုမ္ပဏီကြီး တွေကို ရင်းနှီးမြှုပ်နှံကြပါလို့ ဝန်ကြီး ဟီလာရီကလင်တန်ကလည်း တိုက်တွန်းသွားတာ ကြားရပါ တယ်။ ပြီးတော့ အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေများ ဘယ်လိုမျိုး လာပြီး မြှုပ်နှံမယ့် အလားအလာရော ရှိတယ်လို့ ယူဆလို့ရပါသလဲရှင့်။

ဦးဝဏ္ဏမောင်လွင် ။ ။ “ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါ တယ်။ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေ ပေါကြွယ်ဝမှုကလည်း ကမ္ဘာသိဖြစ်နေ တယ်။ အဲဒီအတွက်ကြောင့်မို့လို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကလည်းပဲ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးပြီးတော့ နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်နိုင်တဲ့ အခြေအနေကောင်းတွေ ရရှိအောင် ဖန်တီးပေးနေတဲ့ အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ ဌာနပေါင်းစုံ၊ ဘက်ပေါင်းစုံမှာ သူတို့စိတ်ဝင်စား ရင် စိတ်ဝင်စားတဲ့အခန်းကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။”

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့- အထူးသဖြင့် အမေရိကန် ကုမ္ပဏီ၊ ဥပမာ -ရေနံကုမ္ပဏီမျိုးတွေလိုပေါ့နော်။ သူတို့အနေနဲ့ စိတ်ဝင်စားတယ်လို့ရော ကြားမိပါလားရှင့်။

ဦးဝဏ္ဏမောင်လွင် ။ ။ “ကျနော်တို့အနေနဲ့ကတော့ စီးပွားရေးကဏ္ဍပိုင်းမှာ ဘက်ပေါင်းစုံ က၊ နိုင်ငံ ပေါင်းစုံက လာရောက်ပြီးတော့ ကမ်းလှမ်းနေတဲ့ အနေအထားရှိပါတယ်။ မနေ့က ဝန်ကြီး ကလင်တန် ပြောသွားတဲ့အထဲမှာလည်း သူတို့အနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုင်းဆိုင်ရာ ကဏ္ဍတွေ၊ သတ္ထု တွင်း ပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ သူတို့အနေနဲ့ စိတ်ဝင်စားမှု ရှိတယ်၊ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ကိုင်မယ့် အလား အလာတွေရှိတယ်လို့ ထည့်သွင်းပြောကြားသွားတာလည်း ရှိပါတယ်။

အဲဒီတော့ ကျနော်တို့ဘက်ကလည်း ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆက်လက်ပြီးတော့ ထိတွေ့သွားမယ် ဆိုရင်တော့လည်း လုပ်ငန်း ကိုင်ငန်းတွေ ရှေ့မှာ ပေါ်ပေါက်လာစရာတွေရှိမယ်လို့ မျှော်လင့်လို့ရပါတယ်။ ”

ဒေါ်ခင်စိုးဝင်း ။ ။ အခု နိုင်ငံတော် သမ္မတကြီးက ဒုတိယ အကြိမ်ထပ်ပြီး ပြောတာ- ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ မြန်မာနိုင်ငံကို ပြန်လာကြပါ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီနိုင်ကြပါ တယ် ဆိုပြီး ဖိတ်ခေါ်ထားတာရှိပါတယ်။ ဝန်ကြီးတို့အနေနဲ့ သီးခြားပေါ့နော်- သက်ဆိုင်ရာ သံရုံးအသီးသီးကို ဘာတွေများ ညွှန်ကြားထားတာ ရှိပါသလဲ ရှင့်။ ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ မြန်မာပြည်ပြန်တဲ့ အခါ မှာပေါ့လေ အဆင်ပြေချောမွေ့အောင် ဆိုပြီးတော့-

ဦးဝဏ္ဏမောင်လွင် ။ ။ “ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အဆင်ပြေ ချောမွေ့ရေးနဲ့ ပတ်သက် ရင်တော့ နိုင်ငံခြားရေးဝန်ကြီးဌာန သံရုံးများ- အဖွဲ့ရုံးများရဲ့ တာဝန်ဝတ္တရားထဲ မှာ ပြည်ပရောက် မြန်မာ နိုင်ငံ သားတွေရဲ့ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးဖို့၊ ကာကွယ်ပေးဖို့ ဆိုတာကို တာဝန်တရပ် ပြဌာန်းထား ပါတယ်။ ဒီဟာနဲ့အညီလည်း သံရုံးတွေက ဆောင်ရွက်ပေးနေ တာ ဖြစ်ပါတယ်။ ပြည်ပမှာ ရောက်နေကြတဲ့ အထဲမှာ မိမိရဲ့ အသက်မွေးဝမ်းကျောင်းမှုအရကြောင့်ဖြစ်စေ၊ ရေကြည်ရာ၊ မြက်နုရာ မိမိဘဝ တိုးတက်ရာ တိုးတက်ကြောင့်မို့ဖြစ်စေ ပြည်ပကို ရောက်နေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အတွက်တော့ သံရုံးက အမြဲတမ်း တံခါးဖွင့်ထားပါတယ်။ အကူအညီပေးဖို့လည်း အဆင်သင့် ဖြစ်ပါတယ်။

သူတို့အနေနဲ့ မြန်မာနိုင်ငံကို ပြန်ပြီးတော့ အကျိုးရှိမယ့်လုပ်ငန်းတွေ လုပ်ချင်တယ် ဆိုလို့ရှိရင်လည်း သူတို့ရဲ့ တတ်ကျွမ်းထားတဲ့ အသိပညာ၊ အတတ်ပညာတွေ၊ သူတို့နဲ့ ဆက်စပ်ပြီးတော့ ရရှိလာမယ့် နည်း ပညာတွေအပေါ် မူတည်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် ပါဝင်ဖို့ အမြဲ ဖိတ်ခေါ်နေပါတယ်။

“တပိုင်းကတော့ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ ဥပဒေဘောင်ပြင်ပ ရောက်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး တော့လည်း ပဲ သူတို့အနေနဲ့ သီးခြား မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ထိတွေ့လိုတယ်၊ ပြန်လည်ပြီးတော့ နိုင်ငံသားကောင်း တယောက်အနေနဲ့ ပြန်လည် ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေ ရှိတယ်ဆိုရင် တဦးချင်းအနေနဲ့ မိမိဆန္ဒကို ထုတ်ဖော်ပြီးတဲ့အခါမှာ ဆက်သွယ်လာလို့ ရှိရင် ကျနော်တို့အနေနဲ့ တဦးချင်း တဦးချင်း case by case စဉ်းစားပြီးတော့ ဆောင်ရွက်ပေး သွားမယ့် အနေအထားလည်း ရှိပါတယ်။ ဆောင်ရွက် လည်း ဆောင်ရွက်ပေးနေတယ်။ ဒါကတော့ ပြည်ပရောက်နိုင်ငံသားတွေ အားလုံးအတွက် ဖြစ်ပါတယ်။

“အဲဒီတော့ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေတွေကို ချိုးဖောက်ထားတဲ့ သူတွေ အနေနဲ့ကတော့ မိမိတို့ရဲ့ ချိုးဖောက် ထားတဲ့ ဥပဒေ၊ ပုဒ်မ အနေအထားတွေပေါ်မှာ မူတည်ပြီးတော့ ဒီကိစ္စရပ်တွေနဲ့အပေါ်မှာ မူတည်ပြီး မိမိရဲ့ဆန္ဒကို ကိုယ်တိုင်ကိုယ်ကျ ဖော်ပြပြီးတော့ လျှောက်ထားလာကြမယ် ဆိုလို့ရှိရင်တော့လည်း ကျနော်တို့ အနေနဲ့ ဆင့်ကဲ ဆင့်ကဲ ဆက်လက် တင်ပြပေးသွားဖို့ ရှိပါတယ်။”

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဝန်ကြီး။

XS
SM
MD
LG