သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-8 ထိပ်သီးညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးမည်


G-8 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှုအင်အားကြီး ၈ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံမှာ သောကြာနေ့ ညနေက စတင်ဖွင့်လှစ်တာမှာ နိုင်ငံတကာလုံခြုံရေးနဲ့ စီးပွားရေး ကိစ္စတွေ ကို ဦးစားပေးဆွေးနွေးဖို့ ရှိပါတယ်။ နိုင်ငံတကာ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးရာမှာ မြန်မာနိုင်ငံ အကြောင်းကိုလည်း အဓိက ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီ အစည်းအဝေးကြီးမတိုင်ခင် အမေရိကန်သမ္မတနဲ့ ပြင်သစ်သမ္မတ သစ်တို့ ပထမဆုံးအကြိမ်အဖြစ် တွေ့ရာမှာ စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး ဥရောပ စီးပွားရေး ပြဿနာဖြေရှင်းရေးကို ဦးစားပေးဆွေးနွေးဖို့ ပြောခဲ့ကြပါ တယ်။ ဒီအကြောင်းကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

အမေရိကန်သမ္မတအပမ်းဖြေစခန်း၊ Camp David မှာလုပ်မယ့် G-8 ထိပ်သီးဆွေးနွေးပွဲဟာ ပြင်သစ်နိုင်ငံ မှာ ဥရောပ စီးပွားရေးကို အပြောင်းအလဲလုပ်လိုတဲ့ သမ္မတအသစ်တက်လာအပြီးနဲ့ ဂရိနိုင်ငံမှာ ခြိုးခြံခြွေတာရေး အစီအစဉ်ကြောင့် အစိုးရမဖွဲ့နိုင်ဘဲ နိုင်ငံရေး မသေချာမှုတွေ ဖြစ်လာအပြီးမှာ ကမ္ဘာ့အင်အားကြီးခေါင်းဆောင်တွေ ပထမဆုံး အနီးကပ် တိုင်ပင်ဆွေးနွေးခွင့်ရတဲ့ အစည်းအဝေး ဖြစ်ပါ တယ်။ အစည်းအဝေးရဲ့ ပထမနေ့ သောကြာနေ့မှာ မြန်မာနိုင်ငံကိစ္စ အပါအဝင် အီရန်၊ မြောက်ကိုရီးယားနဲ့ ဆီးရီးယား ကိစ္စတွေကို အဓိကထား ဆွေးနွေးကြဖို့ ရှိနေပြီး ဒုတိယနေ့ စနေနေ့မှာတော့ ဥရောပ စီးပွားရေးပြဿနာကို အဓိကထား ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန်သမ္မတရဲ့ နိုင်ငံတော် လုံခြုံရေးအကြံပေး အရာရှိက ကြာသာပတေးနေ့က ထုတ်ပြောခဲ့ပါတယ်။

ဒီညနေ Camp David ကို မသွားခင်လေးမှာ အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားက ဒီသီတင်းပတ်ထဲမှာပဲ သမ္မအဖြစ် ကျမ်းကျိန်ခဲ့တဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာအိုလဲန်း (Francois Hollande) ကို ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံခဲ့ပြီး ဥရောပစီးပွားရေးပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ စီးပွားရေးကြီးမားတိုးတက်မှုကို ဦးစားပေးလုပ်ဖို့ လိုနေပြီလို့ နှစ်ဘက် သဘောတူခဲ့ကြပါတယ်။ ဥရောပမှာ လက်ရှိ ကြွေးမြီ ပြဿနာရင်ဆိုင်နေရပြီး ဥရောပစီးပွားရေး အပြင် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်လာနိုင်တဲ့ ဂရိနိုင်ငံ ငွေကြေးပြဿနာမှာ ဥရောပသမ္မဂအနေနဲ့ ခြိုးခြံခြွေတာရေးလုပ်ဖို့ ဦးစားပေးနေချိန်မှာ တက်လာတဲ့ ပြင်သစ်သမ္မတသစ် အိုလဲန်းကတော့ ဒီခြိုးခြံခြွေတာမှုကနေ ပြောင်းပြီး စီးပွားရေး ကြီးမားတိုးတက်မှုကို လုပ်ဖို့ အရေးကြီးတယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလမှာ ပြောခဲ့ပါတယ်။

ဥရောပအနေနဲ့ ငွေကြေးပြဿနာကို ဖြေရှင်းနိုင်ဖို့ စီးပွားရေးကြီးမားတိုးတက်ဖို့ လိုအပ်နေတယ် လို့ တောက်လျှောက် ထောက်ပြလာခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ အိုဘားမားကလည်း ပြင်သစ် သမ္မတပြောတာကို သဘောတူလိုက်တယ်လို့ ဆိုလိုက်ပါတယ်။

“ဒီကိစ္စက ဥရောပ ပြည်သူတွေအတွက်တင်မကပါဘူး။ ကမ္ဘာ့စီးပွားရေးအတွက်လည်း အထူးကြီးကြီး မားမားကို အရေးကြီးတဲ့ ကိစ္စဖြစ်ပါ တယ်။”

သောကြာနေ့ ညနေမှာ ညစာစားရင်း ဒီ G-8 ထိပ်သီးဆွေးနွေးပွဲကို စတင်ရာမှာ နိုင်ငံတကာ လုံခြုံရေး ကိစ္စတွေကို အာရုံစိုက်ဆွေးနွေးမှာ ဖြစ်ပြီး အီရန်နျူကလီယားပြဿနာ ဖြေရှင်းရေးမှာ အားလုံးညီတဲ့ သဘောတူမှုရဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ အမေရိကန်သမ္မတရဲ့ လုံခြုံရေးအကြံပေး Tom Donilon က ဆိုပါတယ်။ သူကပဲ ဒီ G-8 ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ နောက်အရေးကြီးတဲ့ ကိစ္စနှစ်ရပ် ကတော့ မြောက်ကိုရီးယားပြဿနာနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်မှုတွေ ကိစ္စ ဖြစ်တယ်လို့ ဆက်ပြောပြပါတယ်။

“ကျနော်တို့ မျှော်လင့်ထားပါတယ်။ သူတို့အနေနဲ့ ဒီခေါင်းဆောင်တွေအနေနဲ့ပေါ့လေ မြောက်ကိုရီးယား အကြောင်းဆွေးနွေးမယ်၊ မြန်မာ အကြောင်းလည်းဆွေးနွေးမယ်။ ဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပိတ်ဆို့ထားတာတွေ လျှော့ပေါ့ ပေးဖို့ကိစ္စ ဒီနေ့ပဲ ကြေညာလိုက်တာကို အာလုံးတွေ့ကြ၊ ကြားကြပြီးဖြစ်မှာပါ။ မြန်မာ နိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေက ထူးထူခြားခြားကြီးကို ဖြစ်နေတာမို့ တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ သောကြာနေ့ ညနေကျရင် ဒီကိစ္စကို ဆွေးနွေးချင်ကြ မယ်လို့ ကျွန်တော်ထင်ပါတယ်။”

ဒါ့အပြင် ဆီးရီးယားနိုင်ငံ ပြဿနာကိုလည်း နိုင်ငံတကာ လုံခြုံရေးကိစ္စထဲမှာ နောက်ထပ်အရေးကြီးတဲ့ ကိစ္စတခုအနေနဲ့ ဆွေးနွေးဖို့ ရှိနေ တယ်လို့ Mr.Donilon က ဆက် ရှင်းပြပါတယ်။ သူကပဲ မြန်မာနိုင်ငံ ကိစ္စကို အခုလို အဓိကထား ဆွေးနွေးရဖို့ ရှိတာကလည်း မြန်မာနိုင်ငံမှာ ရေရှည်သွားရမယ့် ဒီမိုကရေစီ လမ်းကြောင်းကို အမေရိကန်အနေနဲ့ ဦးစားပေးကိစ္စတခုအဖြစ် သတ်မှတ်ထားလို့ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံမှာက ရေရှည်သွားရမှာဖြစ်ပေမဲ့ အလားအလာကောင်းတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် စလျှောက်လှမ်းနေပြီလေ။ ပြီးတော့ အားလုံးသိထားသင့်တာက သမ္မတအနေနဲ့ ဒီကိစ္စကို ဦးစားပေးကိစ္စ တခုအဖြစ် သတ်မှတ်ထားပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံဘက်မှာ တရုတ်ရဲ့လွှမ်းမိုးမှု လျှော့ချဖို့ ကြိုးပမ်းလာနေချိန်မှာ အမေရိကန် ဘက်ကလည်း ဒေသတွင်းမှာ တရုတ်ရဲ့ အင်အားကြီးမားလာမှုကို ထိန်းချုပ်နိုင်ဖို့ အာရှ ပစိဖိတ်ဒေသကို ပထမ ဦးစားပေး အဖြစ် ပြန်အာရုံစိုက်လာချိန်မှာ မြန်မာနိုင်ငံကိစ္စက အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှတို့ပါတဲ့ ဒီ G-8 ထိပ်သီးဆွေးနွေးပွဲမှာ ထိပ်တန်းကိစ္စ တခု ဖြစ်လာရတာဖြစ်ပါတယ်။

XS
SM
MD
LG