သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်


၂၀၁၀ ခုနှစ်သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်သား ကိုဖြိုးဝေအောင် အသည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့် ရှိတော့မှာဖြစ်ကြောင်း မိသားစု က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူ ၁၀ ဦးသေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံထားရပြီး ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က သေဒဏ် ပေးခြင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင်အတွင်း အမှုစစ်ဆေးနေစဉ်ကာလမှာ အသည်းရောင်-ဘီပိုး ကူးစက်ခံရပြီး အသည်းမှာ ပြည်တည်နာဖြစ်ခဲ့ရတာပါ။ အခုအခါမှာတော့ ဆေးကုသခွင့်မရတာကြောင့် အသည်းကင်ဆာ နောက်ဆုံး အဆင့်နဲ့ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့်ရတော့မှာဖြစ်ကြောင်း ညီဖြစ်သူ ဒေါက်တာ ထက်ဝေအောင်က ပြောပါတယ်။

“ဒီနေ့ CT ရိုက်ပါတယ်။ စီCT ရိုက်တော့- အရင်တပတ်ကတည်းက Tuma marker လို့ ခေါ်တာပေါ့ဗျာ။ အဲလောက်ဖြစ်တဲ့အချိန်မှာ မနေ့ကတော့ သိသွားပြီပေါ့- အသည်းကင်ဆာဆိုတာကို။ ဒီနေ့ CT ရိုက်တဲ့ အခါကျတော့ လပိုင်းအတွင်းပဲ ဖြစ်သွားနိုင်တယ်ပေါ့။ သူ့ရဲ့ CT result အရရော၊ ဆေးစစ်စာအရရော ဆရာဝန်ပြောလိုက်တာကတော့နောက်ဆုံးအဆင့်ပေါ့နော်။ သူက လုံးဝမအိပ်နိုင်ဘူးပေါ့နော်။ ထလည်း မထနိုင်ဘူးပေါ့။ ရေဖျဉ်းကလည်း တော်တော် ဖြစ်နေတယ်ပေါ့။”

ရောဂါပြင်းထန်လာတာကတော့ ပြီးခဲ့တဲ့ဇန်နဝါရီလ ကစပြီး ပိုပြီးပြင်းထန်လာကြောင်း ထောင်တွင်း ဆေးရုံ ကနေ အပြင်ဆေးရုံမှာကုသခွင်ရဖို့ တောင်းဆိုခဲ့ပေမဲ့ မရခဲ့ဘူးလို့ ညီဖြစ်သူက ဆက်ပြောပြပါတယ်။

“ဇန်နဝါရီလကတည်းက စဖြစ်နေတာခင်ဗျ။ ဖြစ်နေတော့ထောင်ကိုလည်း ပြောတယ်ပေါ့နော်။ လွှဲပေးဖို့ပေါ့။ ထောင်က မလွဲှပေးဘဲနဲ့ အကိုက်အခဲ ပျောက်ဆေးပေးလိုက်၊ ပိုးသတ်ဆေးပေးလိုက်နဲ့ ဆယ်ရက်နေ့ အမိန့်ချပြီးတော့မှ အင်းစိန်ဆေးရုံကိုပို့တယ်ခင်ဗျ။ အခု ကြည့်နေတာကတော့ အင်းစိန်ဆေးရုံက General Surgeon က ကြည့်တာပေါ့နော်။ General Surgeon ကလည်း နေ့တိုင်းလာကြည့်တာ မဟုတ်ဘူး။ ခဏပဲကြည့်သွားတာပေါ့နော်။ ပီးတော့ CT ရိုက်မယ်။

ဒီနေ့ CT ရိုက်ပြီးတော့ ဘယ်တော့လွဲှမလဲတော့ မသိဘူးပေါ့နော်။ အသည်းဌာန ဘက်ကို။ အခုက အင်းစိန်ဆေးရုံမှာ၊ အင်းစိန်အထွေထွေဆေးရုံမှာပါ။ သူက အရင်ကတည်းက အသည်းရောင် ဘီပိုးရှိတယ် ခင်ဗျ။ အသည်းမှာ ပြည်တည်နာဖြစ်ဖူးတယ်။ ၂၀၁၀ သြဂတ်စ်မှာကတည်းက အသည်းရောင်-ဘီပိုးရှိတယ်။ အသည်းရောင်အသားဝါဖြစ်ဖူးတဲ့အတွက် Liver Specialist နဲ့ ပြပေးဖို့ Request လုပ်ပါတယ်။ ဒါပေမဲ့ သူတို့ မပြပေးဘူးပေါ့နော်။”

ကိုဖြိုးဝေအောင်ဟာ စစ်ကြောရေးကာလတွေအတွင်းမှာ ပြင်းထန်းစွာရိုက်နှက်ခံရခြင်း၊ လိင်အင်္ဂါကို မီးရှို့ပြီးစစ်ဆေးခံရခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံခဲ့ရကြောင်း၊ ဒီ်အတွက် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်မစ္စတာ သောမတ်စ်အိုဟေး ကင်တားနားကို တိုင်ကြားထားကြောင်း မိသားစု က ပြောပါတယ်။ ကိုဖြိုးေဝေအောင်နဲ့ပတ်သက်ပြီး သူရဲ့ရှေ့နေကတော့ တရားခံကို နှိပ်စက် ညှင်းပမ်း ပြီး ဖြောင့်ချက်ရယူခဲ့တာဖြစ်လို့ ဥပဒေကြောင်းအရ တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။

ကိုဖြိုးဝေအောင်ဟာ ဆောက်လုပ်ရေးအင်ဂျင်နီယာတဦးဖြစ်ပြီး အခင်းဖြစ်ပွားစဉ်မှာ သူရဲ့အလုပ် ဆိုဒ်ထဲမှာ ရှိနေခဲ့ပြီး သူ့ကို ၂၀၁၀ ခုနှစ်မှာ ဖမ်ဆီးပြီးနောက် တစ်နှစ်ကျော် အချိန်ယူ အမှုစစ်ဆေးပြီးတဲ့နောက် မေလ ၈ ရက်နေ့ကပဲ သေဒဏ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။

XS
SM
MD
LG