သုံးရလွယ်ကူစေသည့် Link များ

တရုတ်ရဲအရာရှိဟောင်း နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရေးယူခံရမည်


တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း အကြီးကျယ်ဆုံး နိုင်ငံရေး မကောင်းသတင်းနဲ့ ကျော်ကြားခဲ့ တဲ့ ချုံကင်းခရိုင်က ရဲချုပ်ဟောင်း Wang Lijun ကို နိုင်ငံတော် သစ္စာဖောက်ဖို့ကြံစည်မှုနဲ့ ရှေ့လ အစောဆုံးထား တရားစွဲဆိုဖို့ရှိတယ်လို့ တနင်္လာနေ့ထုတ် ဟောင်ကောင်က The South China Morning Post သတင်းစာမှာ ဖော်ပြထားပါတယ်။

မစ္စတာဝမ်ရဲ့ ဒီအမှုအတွက် အထူးတရားရေးအဖွဲ့ ဖွဲ့စည်းထားပြီဖြစ်ပြီး သူ့ကို နိုင်ငံတော်သစ္စာဖောက်မှု နဲ့ သတ်မှတ်ရင် သေဒဏ်ကျခံရနိုင်ဖွယ်ရာ ရှိတယ်လို့ဆိုပါတယ်။

မစ္စတာဝမ်ဟာ ချုံကင်းခရိုင်က ကွန်မြူနစ်ပါတီခေါင်းဆောင် ဘိုရှီလိုင်း (Bo Xilai) ရဲ့အဓိက မဟာမိတ် တဦးပါ။ တရုတ်ပေါလစ်ဗျူရို ခေါင်းဆောင် တယောက်ဖြစ်လာမယ်လို့ အများမျှော်လင့်နေကြတဲ့ ဘိုရှီလိုင်း ဟာ လူသတ်မှုနဲ့ အဂတိလိုက်စားမှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ မကြာသေးခင်ကပဲ ရာထူးက အထုတ်ပယ် ခံခဲ့ရပါတယ်။

မစ္စတာဝမ်ရဲ့ အမှုကို စီချွမ်း (Sichuan) ခရိုင်၊ မြို့တော် ချန်ဒူး (Chengdu) မှာ စစ်ဆေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီမြို့မှာ ဖေဖော်ဝါရီလတုန်းက မစ္စတာဝမ်ဟာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ အမေရိကန် သံရုံးကို သွားရောက်ခဲ့တာပါ။ သူသွားပြီး မကြာခင်မှာပဲ ဘိုရှီလိုင်းကို ချုံကင်းကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ် ကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

အခုလို မစ္စတာဝမ်ရဲ့အမှုကို ကိုင်တွယ်ဖို့ အာဏာပိုင်တွေ လုပ်ဆောင်လာတာဟာ ဆယ်နှစ်လောက်နေမှ တခါလုပ်တဲ့ အာဏာ အလွှဲအပြောင်း ကာလမတိုင်ခင် ဘိုရှီလိုင်းပြဿနာကို အမြန်ဆုံး ရှင်းလင်းဖို့ လုပ်နေတာကို ပြတယ်လို့ သတင်းစာက ရေးပါတယ်။

အခုလို ဝမ့်အမှုကိုတင်ပြီးရင် မကြာခင်မှာပဲ ဘိုရှီလိုင်းနဲ့သူ့ဇနီးအမှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်တော့မှာတွေ ကို သိလာရနိုင်တယ်လို့လည်း ဆိုပါတယ်။ ဘို့ဇနီးကိုတော့ ဗြိတိသျှ စီးပွားရေးသမားတဦး ထူးထူး ဆန်းဆန်း သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး သံသယရှိနေတာပါ။

XS
SM
MD
LG