သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်လမ်းပြမြေပုံ NATO ချမှတ်


အမေရိကန်ပြည်ထောင်စု ရှီကာဂိုမှာ ကျင်းပပြုလုပ်နေတဲ့ မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ နေတိုး ထိပ်သီးဆွေးနွေးပွဲမှာ အာဖဂန် နစ္စတန်က နေတိုးအခန်းကဏ္ဍနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ လမ်းပြမြေပုံ တခု ထွက်လာဖို့ နီးစပ်လာပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။

အာဖဂန်နစ္စတန်အစိုးရအနေနဲ့ ၂၀၁၄ ခုနှစ်မှာ သူ့လုံခြုံရေးကိုယ် ကိုယ်တိုင်ကိုယ်ကျ အပြည့်အ၀ တာဝန်ယူလာနိုင်ဖို့အတွက် နေတိုး အဖွဲ့ဝင်တွေဟာ တညီတညွတ်တည်း စစ်အဆုံးသတ်ရေး အစီအစဉ်တရပ် ရေးဆွဲခဲ့ကြတယ်လို့ မစ္စတာအိုဘားမားက နှစ်ရက်ကြာလုပ်တဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ တနင်္လာနေ့မှာ ပြောဆိုပါတယ်။ ဒါပေမယ့် အားလုံး ပြီးပြည့်စုံတဲ့ အခြေအနေဆိုတာ မရှိနိုင်ဘူး လို့တော့ သမ္မတ အိုဘားမားက ပြောပါတယ်။ အသွင်ကူးပြောင်းရေးလုပ်ငန်းဆိုတာ အလွန်ပဲ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး ၂၀၁၄ မတိုင်ခင်မှာ အခြား ဆိုးဝါးတဲ့အခြေအနေ လှုပ်ရှားမှုတွေ လည်း ဖြစ်လာနိုင်တယ်ဆိုတာ မျှော်မှန်းမိသားပါလို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ အခု အချိန်ဇယားဆွဲထားတာဟာ သင့်လျှော်ကောင်းမွန်ပြီး နေတိုးတပ်ဖွဲ့အနေနဲ့ သင်တန်းပေးတာနဲ့ အာဖဂန်တပ်တွေ စွမ်းအင် တောင့်တင်းလာဖို့ အကြံပေးမှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

အခု ရှီကာဂို ညီလာခံကနေတဆင့် နေတိုးတပ်ဖွဲ့တွေဟာ ပိုပြီး ခိုင်မာအားကောင်းလာသလို ပိုပြီး လုပ်နိုင် စွမ်းရည်တွေ ရှိလာမှာဖြစ်တယ် လို့လည်း ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတကာလုံခြုံရေး ကိစ္စရပ်တွေမှာ ကြီးမားတဲ့အင်အားစုတရပ်အဖြစ် ဆက်ရှိနေမယ်လို့လည်း ပြောပါတယ်။ အခုလက်ရှိမှာတော့ အာဖဂန် နစ္စတန်ထဲမှာ နိုင်ငံတကာတပ်ဖွဲ့ဝင် တသိန်း သုံးသောင်းလောက် ရှိနေတာပါ။ ပြင်သစ် သမ္မတသစ် ဖရန်ဆွာ အော်လန်းဒ်ကတော့ အခုနှစ်အကုန်ပိုင်းမှာ အာဖဂန်ကနေ ပြင်သစ်တပ်တွေကို ရုပ်သိမ်းမယ် လို့ ပြောနေပါတယ်။ အာဖဂန်မှာ ပြင်သစ်တပ်ဖွဲ့ဝင်ပေါင်း သုံးထောင်သုံးရာရှိပြီး နိုင်ငံတကာတပ်တွေ အကြားမှာ နံပါတ် ၅ အင်အားအများဆုံးရှိတဲ့ တပ်ဖြစ်ပါတယ်။

နေတိုးအစည်းအဝေးလုပ်နေတဲ့တချိန်တည်းမှာပဲ အပြင် ရှီကာဂိုလမ်းတွေမှာ ဆန္ဒပြမှုတွေ ရှိနေပါတယ်။ မနေ့ကတော့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးအာဏာပိုင်တွေအကြား ရုန်းရင်းဆံခတ်ဖြစ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ကတော့ ဆန္ဒပြသူ အနည်းဆုံး ၄၅ ဦး ဖမ်းဆီးခံရပါတယ်။ ထောင်နဲ့ချီ ဆန္ဒပြသူတွေဟာ အာဖဂန်စစ်ပွဲ၊ စီးပွားရေးမမျှတမှုနဲ့ အခြားကိစ္စရပ်တွေအပေါ်မှာ မကျေမနပ်ဖြစ်နေကြပါတယ်။

XS
SM
MD
LG