သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုပ်လုပ် ပစ္စည်းအတုတွေ အမေရိကန် စစ်တပ်သုံး


အမေရိကန်စစ်လက်နက် ပစ္စည်းတွေမှာ တရုတ်နိုင်ငံလုပ် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်း အတုတွေကို သုံးနေတာ တွေ့ရတယ်လို့ အမေရိကန် အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောပါတယ်။ ဒါဟာ အမေရိကန်တပ်တွေရဲ့ လုံခြုံစိတ်ချရမှု အတွက်ရော နိုင်ငံတော် လုံခြုံရေး အတွက်ပါ အန္တရာယ် ရှိနေတယ်လို့ဆိုပါတယ်။

အထက်လွှတ်တော် လက်နက်ကိုင် ဝန်ဆောင်မှုကော်မတီက တနှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ ကနေ လေကြောင်းသုံး ပစ္စည်းတွေကစပြီး ညကြည့်မျက်မှန်အဆုံး အမေရိကန်စစ်တပ်မှာ သုံးစွဲနေတဲ့ လျှပ်စစ်ပစ္စည်း အမျိုးအစား ၁၈၀၀ ကျော်မှာ အခုလို တရုတ်လုပ်အတုတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

စက်ပစ္စည်း အစိတ်အပိုင်းအတုလို့ သံသယရှိဖွယ် ပစ္စည်း တသန်းလောက်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီအထဲမှာ ၇၀% ကျော်ကျော်က တရုတ်လုပ် အတုတွေ ဖြစ်ကြောင်း တွေ့ရတယ်လို့ တနင်္လာနေ့က ထုတ်ပြန် တဲ့ ကော်မတီရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ ဒါဟာ လျှပ်စစ်ပစ္စည်း အတုတွေ ဈေးကွက်မှာ ဝင်နေတာကို တာဝန်ရှိသူတွေက သေသေချာချာ စောင့်ကြည့် မဖေါ်ထုတ်နိုင်တာကို ပြသနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒါဟာ အမေရိကန် အာဏာပိုင်တွေဘက်ကရော၊ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ တင်သွင်းနေတဲ့ ကန်ထရိုက်လုပ်ငန်းရှင်တွေ ဘက်ကပါ ဒီလို ပစ္စည်းအတုတွေ ဝင်နေတာ ကို ကောင်းကောင်း မစစ်ဆေးနိုင်ကြသလို၊ ပစ္စည်းအတုလို့ သံသယရှိတဲ့ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ ပြစ်တင်ဝေဖန်ထားပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး အမေရိကန် စုံစမ်းစစ်ဆေးသူတွေ တရုတ်နိုင်ငံကို သွားရောက်ဖို့ တရုတ်နိုင်ငံ က ပြည်ဝင်ခွင့် ဗီဇာ မပေးခဲ့တာတွေ ရှိနေတာဟာ အခုလို အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေး ကို ထိခိုက်စေမယ့် အစီရင် ခံစာမျိုး ထွက်ပေါ်လာစေတယ်လို့ တရုတ် အာဏာပိုင်တွေ ကို ကော်မတီ က အပစ်တင်ခဲ့ပါတယ်။

XS
SM
MD
LG