သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်မီးကိစ္စ ဆန္ဒပြမှုနဲ့ ကိုကိုကြီးရဲ့ သဘောထား


မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုပြဿနာဟာ အချိန်တိုအတွင်း ပြေလည် သွားနိုင်မယ့် အရေးမဟုတ်ဘူးဆိုတာ သိနားလည်ပေမဲ့ လက်တွေ့ခံစားနေရတဲ့နစ်နာမှုနဲ့ လိုလားချက်တွေကို အစိုးရက ကူညီ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင်ချက်နဲ့ ဆန္ဒပြနေသူတွေရဲ့ ယုံကြည်ချက်ကို ချိုးနှိမ် မပစ်ဘဲ ထိထိရောက်ရောက် စီမံဆောင်ရွက်ပေးသင့်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။ ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်းထား ပါတယ်။

ကိုကိုကြီး။ အခု ဒီမီးပျက်တဲ့ကိစ္စတွေကတော့ အထူးသဖြင့်တော့မြို့ကြီးတွေမှာပေါ့လေ။ ဒီဒုက္ခ ခံနေရ တာတော့ တော်တော် ကြာပြီပေါ့၊ အဲဒီတော့ တိုင်းပြည်က နည်းနည်း အထိုက်အလျောက်လေး ပွင့်လင်း လာတော့ လူထုကလည်း သူတို့နစ်နာချက်တွေ သူတို့ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုတာတွေ ဆန္ဒ ထုတ်ဖေါ်တာတွေလုပ်လာတော့ ဒါဟာ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းမှာ ဒါ ကြိုဆိုရမယ့် ကိစ္စပေါ့။ နောက် တချိန်တည်းမှာပဲ သတင်းစာထဲမှာ ဝန်ကြီးက လျှပ်စစ်နဲ့ ပတ်သက်လို့ လူထုရဲ့တင်ပြမှုတွေ ဆန္ဒပြမှုတွေ အပေါ်မှာ တုံ့ပြန်တဲ့ ကြေညာချက်လည်း ပေးတယ်ပေါ့ ။ ဘာပဲဖြစ်ဖြစ် ဒါ လူထုရဲ့လိုအပ်ချက်ကို အလေး ထားလာတယ် ဂရုတစိုက်နဲ့ပြန်ပြီး တုံ့ပြန်လာတယ်ဆိုတော့ ဒါလည်း ကြိုဆိုရမယ့် အချက် ပါ၊

ဦးသန်းလွင်ထွန်း။ ဟုတ်ကဲ့။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကျော်လောက်ကပေါ့နော်၊ ၂၀၀၇ နှစ်လောက်က ဆိုရင် လည်း ကုန်ဈေးနှုန်းကြီးတဲ့ကိတ်စ ဓါတ်ဆီဈေးတက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုထင်ကျော်တို့ ဆန္ဒပြတဲ့ ကိစ္စတွေ အလားတူပဲ၊ ကိုကိုကြီးတို့ ခင်ဗျားတို့ပေါ့နော်၊ မင်းကိုနိုင်တို့ အပါအဝင် ကျောင်သားထုလည်း ထွက်ပြီးတော့ စီတန်း ဆန္ဒပြတဲ့ ကိစ္စလေးတွေဖြစ်ခဲ့တယ်။ ဖြစ်တဲ့အချိန်တုန်းကတော့ အစိုးရအနေ နဲ့က အားလုံးကို ထိန်းသိမ်းခဲ့၊ ဖမ်းဆီးခဲ့တဲ့ ကိစ္စမျိုးတွေ ဖြစ်လာတယ်လေ။ အဲတော့ ဒီလိုဖြစ်လာနိုင်မယ့် အလားအလာတွေရော ရှိမယ်လို့ ယူဆပါသလား။

ကိုကိုကြီး။ အခြေအနေချင်း နည်းနည်းတော့ ကွာသွားတယ်၊ ကွာသွားတယ်ဆိုတာက ကျွန်တော်တို့အဲဒီ ကာလတုန်းက စစ်အစိုးရပေါ့။ အခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွေ ပေါ်လာတယ်။ လွှတ်တော်ကနေ ရွေးကောက် တင်မြှောက်တဲ့ အစိုးရအဖွဲ့ပေါ်လာတယ်ဆိုတော့၊ ဒီလို ပြဿနာတွေကို ကိုင်တွယ်တဲ့ ပုံစံလည်း ပြောင်းလာလိမ့်မယ်လ့ို ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တဘက်ကလည်းပဲ အခု သူက လူထုကို သည်းခံဖို့ပေါ့လေ။ မေတ္တာရပ်ခံတဲ့ ကြေညာ ချက်လည်း ထွက်လာတော့ သည်းခံဖို့ ဆိုတာ ကတော့ ကျွန်တော်တို့က သည်းခံလာခဲ့တာ တလျှောက်လုံးပဲ အဲတော့ အခုလည်းပဲ ညတွင်းချင်း နေ့ချင်း ညချင်း ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာတော့ ကျွန်တော်တို့လည်း ဒါ နားလည်ပါတယ်။ အဲ ဒါပေမဲ့ လို့ သာမန်လူထုရဲ့အမြင်မှာကတော့ ကျွန်တော်တို့နိုင်ငံမှာ သဘာဝဓါတ်ငွေ့တွေ အပြင် ထုတ်ရောင်းနေ တယ်။ ရေအားလျှပ်စစ်တွေ အရင်းအမြစ်တွေ အများကြီးရှိနေတယ်။ ပြည်ပကို ထုတ်ရောင်းနေတဲ့ အခြေ အနေမှာ ပြည်တွင်းမှာ မှောင်ထဲငုတ်တုတ်ထိုင်နေရမယ်ဆိုတာကတော့ မကျေနပ် တာအမှန်ပဲ၊ အဲတော့ နိုင်ငံတော် အနေနဲ့က ဒီ Good Governance ပေါ့၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ဒါ သမ္မတ ကလည်း အကြိမ်ကြိမ် ပြောထားတော့ အဓိက နိုင်ငံသားတွေရဲ့လိုအပ်ချက်ကို အထူးပြုပြီးတော့ ဆောင်ရွက် တဲ့ စီမံချက်တွေ၊ အဲဒါ ရှေ့ဆက် ပြီးတော့ ဒီလိုမျိုး လျှပ်စစ်မီးတင် မဟုတ်ဘဲ နေ့စဉ် ကြုံတွေ့နေရ တဲ့ ပြဿနာ တွေ ကို ဘယ်လို ဘယ်ပုံ ဖြေရှင်းမယ် ဆိုတာကို ဒါ လူထု နားလည် လက်ခံလာအောင် ရှင်းပြတာမျိုးတွေပါ။ ကောင်းမွန်တဲ့စီမံအုပ်ချုပ်ရေးကို ကျင့်သုံးတာတွေပါ ဆက်ပြီးတော့ လုပ်သင့်တယ် လို့ကျွန်တော်တော့မြင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ဟုတ်ကဲ့ ခင်ဗျ။ ကျွန်တော်တို့ကြားရသလောက်တော့ ဥပမာအားဖြင့် မန္တလေးမှာ ဆိုလို့ရှိရင် ဆန္ဒပြတဲ့ လူတချို့ကို ရဲကနေပြီးတော့ စစ်ဆေး မေးမြန်းခဲ့တာလေးတွေ ရှိပါတယ်။ အဲဒီအခါမှာ သူတို့သိချင်တဲ့ ကိစ္စကတော့ ဒီ ကိစ္စတွေ၊ ဆန္ဒပြမှူတွေ၊ လှုပ်ရှားမှူတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိသလဲ ဆိုတဲ့အချက်ကို မေးတယ်ဆိုတဲ့၊ စုံစမ်းတယ် ဆိုတဲ့ဟာလေးတွေ ကျွန်တော်တို့ ကြားရပါတယ်၊ သဘော ကတော့ ဒီသက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အခုလို ကိစ္စတွေအပေါ်မှာ ဒီအာဏာပိုင်တွေရဲ့အခု လက်ရှိ ဖြစ်နေတဲ့ အားနည်းချက်ပေါ့နော်။ ဒါကိုထောက်ပြီးတော့ နိုင်ငံရေး အမြတ် ထုတ်လိုတဲ့ သူအချို့ ရှိနေတယ်လို့များ အာဏာပိုင်တွေက ယူဆလာတာများ ဖြစ်လာနိုင်သလားခင်ဗျ။

ကိုကိုကြီး။ ကျွန်တော့်အနေနဲ့ကတော့ နိုင်ငံတော်အကြီးအကဲတွေရဲ့မိန့်ခွန်းမှာ ထပ်ခါတလဲလဲ ပြောနေတဲ့ အချက်က အမူအကျင့် အဟောင်းတွေ အတွေးအခေါ် အဟောင်းတွေကို ပြင်ဆင်ဖို့ဆိုတာက ကျွန်တော်လည်း သတိထားမိပါတယ်၊ အဲတော့ ဒီလိုမျိုးနိုင်ငံသားတွေ ပြည်သူတွေရဲ့လိုအပ်ချက်ကို ထုတ်ဖော်တဲ့ နေရာမှာ တဘက်က တာဝန်ရှိသူတွေ ကိုယ်၌ကလည်း ရှုမြင်တဲ့ပုံစံတွေ ပြောင်းသင့်တယ်လို့ ကျွန်တော်တော့ မြင် တယ်။ သူက တခုခု ဖြစ်တိုင်းဖြစ်တိုင်း မှာ နောက်ကွယ်ကနေ ပြီးတော့ ဘယ်သူ လှုံ့ဆော် သလဲ၊ ဘယ်သူ ကနေပြီးတော့ စီမံ ဖန်တီး သလဲဆိုတာကို သဘောက အပြစ်ရှာတဲ့ပုံစံ၊ တရားခံရှာတဲ့ပုံစံ ချဉ်းကပ်တာ ထက်ကို ဒီပြဿနာတွေဟာ တိုင်းပြည်မှာ တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာဆိုတာတွေကို အရှိအတိုင်း လက်ခံ ဖို့ လိုတယ်၊ အဲဒါကို ဖြေရှင်းမယ့် နည်းလမ်းတွေကို စနစ်တကျနဲ့ ထိထိ ရောက်ရောက် ကြိုးပမ်းသင့် တယ်၊ ပြင် ဆင် သင့်တယ်လို့ မြင်တယ်၊ အဲသလိုမှမဟုတ်ဘဲနဲ့ ဒါ လူထုဟာ တခါမှ ဆန္ဒ ထုတ်ဖော်ခွင့် မရခဲ့ဘူး။ အခု အစိုးရသစ်ပေါ်မှာ ယုံကြည်မျှော်လင့်ပြီးတော့ သူတို့ဒီလိုမျိုး ဆန္ဒ ထုတ်ဖော် ပြသ လိုက် ရင်တော့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးမှာပဲဆိုတဲ့မျှော်လင့်ချက်ကို ချိုးနှိမ်ပစ်တဲ့ ချဉ်းကပ်မှု မျိုး ဖြေရှင်းမှု မျိုးတော့ မလုပ်သင့်ဘူးလို့လည်း ကျွန်တော် မြင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ဟုတ်ကဲ့၊ ဒါဆိုလို့ရှိရင် ဆန္ဒပြတဲ့ လူထုဘက်ကရော၊ ဒီဆန္ဒပြတဲ့ ကိစ္စတွေမှာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဆန္ဒ ထုတ်ဖော်ဖို့ပဲ ပြင်ဆင်ထားကြသလား၊ တခြား ဘာတွေများ ထပ်ပိုပြီးတော့ နိုင်ငံရေး အရ တောင်းဆိုမှုတွေ တိုးတက်လာဖို့ ရှိလာနိုင်သလား ခင်ဗျ။

ကိုကိုကြီး။ အဲဒါကတော့ ဒီကျွန်တော်တို့ ဆန္ဒ ထုတ်ဖော်တဲ့ သူတွေ အပိုင်းကလည်း သတိထားရမှာက ကျွန်တော်တို့က ကျွန်တော်တို့ တကယ် လိုအပ်တဲ့ တကယ်နစ်နာတဲ့ ဟာကို အထက်အဖွဲ့အစည်း အဆင့်ဆင့် ကနေ အရေးတယူ ဆောင်ရွက်ပေးအောင် ဆန္ဒထုတ်ဖော်တာပဲ ဖြစ်သင့်တယ်၊ အဲဒီကနေပြီးတော့ မလိုလား အပ်တဲ့ အကြမ်းဖက်မှုတွေ ဒါက ကိုယ် ကိုယ်တိုင်က မလုပ်ရုံ တင်မကဘူး။ အဲလို အခြေအနေ ရောက်အောင် တွန်းပို့နိုင်တဲ့ ဖန်တီးမှုမျိုးတွေဟာ ဘက် အသီးသီးက ဖြစ်လာနိုင်တယ်၊ အဲဒါမျိုးတွေကိုလည်း သတိကြီးစွာ ထားပြီးတော့ ရှောင်ရှားသင့်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။

XS
SM
MD
LG