သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် အလုပ်သမား ဆန္ဒပြမှု ပိုမို ကျယ်ပြန့်


လှိုင်သာယာစက်မှုဇုံ ၄ မှာရှိတဲ့ စက်ရုံ အနည်းဆုံး၄ ရုံက အလုပ်သမား ၅,၀၀၀ လောက်ဟာ ဒီကနေ့မှာ ဆက် ဆန္ဒပြနေကြဆဲပါ။ ဒါ့အပြင် နောက်ထပ် စက်ရုံတခုက အလုပ်သမားတွေဟာလည်း ဒီကနေ့ မှာလည်း ဆန္ဒပြကြပြန်ပါတယ်။ အလုပ်ရှင်တွေဘက်ကလည်း အလုပ်သမားတွေ ရဲ့ တောင်းဆိုချက်တွေ ကို မလိုက်လျောသေးဘဲ တင်းခံထားဆဲပါ။ အလုပ်သမား တွေဘက်ကလည်း အခုချိန်ထိတော့ လက်လျှော့ မယ့်ပုံမရှိတဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းတွေက အော်ဟစ် ကြွေးကျော်တာမရှိဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆန္ဒပြခဲ့ကြရာက ဒီကနေ့မှာတော့ အော်ဟစ် တောင်းဆိုတဲ့အခြေအနေထိ ရှိခဲ့ပါတယ်။ ဒီအခြေအနေ တွေကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

အခုကြားခဲ့ရတာကတော့ စံပယ်ပွင့်စက်ရုံက အလုပ်သမားတွေရဲ့ အော်ဟစ် တောင်းဆိုသံတွေပါ။ ဘယ်လောက်လိုချင်တာ လဲ..၊ ၃၀၀၀၀၊ မပေးနိုင်ရင်ဘာလုပ်မလဲ..၊ လျော်ကြေးပေးပြီး စက်ရုံပိတ်၊ ဘယ်သူတွေကို ဖြုတ်မလဲ…၊ မကောင်းတဲ့လူတွေ ကို အကုန်ဖြုတ် စသည်အားဖြင့် အလုပ်သမား ၈၀၀ ကျော်လောက်က ကြွေးကျော်ပြီးတော့ ဆန္ဒပြ တောင်းဆိုကြတာပါ။

ဒီ စံပယ်ပွင့်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြလာကြတာ အခုဆိုရင် ၉ ရက်မြောက်လာပြီဖြစ်ပြီး အလုပ်သမားတွေဘက်က စိတ်မရှည်တော့တဲ့ အရိပ်လက္ခဏာတွေ တွေ့လာနေရပါပြီ။

အလုပ်သမားရေးရာရုံးက တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဝင်ပြီး ညှိနှိုင်းပေးတာတွေ ရှိခဲ့ပေမဲ့ လည်း အလုပ်သမားတွေ ဘက်ကနေ ခံစားရတာက သူတို့အတွက်ဖြေရှင်းပေးတာမဟုတ်ဘဲ အလုပ်ရှင်တွေ ဘက်က လိုက်ပြီး ဖြေရှင်းပေးတယ် ဆိုတာပါပဲ။

“ အလုပ်သမားတွေကို ညွှန်မှူးတွေက ဖိအားပေးပြီးတော့ ဟိုဘက်ကိုတော့ ဒီလောက် ပေးသင့်တယ်၊ ဟိုလောက်ပေးသင့်တယ် လို့ ဖိအားမပေးဘဲ၊ သမီးတို့ကိုကျတော့ ငါတို့တော့မသိဘူး၊ သူဌေးပေးမယ့် ပိုက်ဆံ၊ သူပေးမှ ရမှာပဲတဲ့၊ ဘယ်သူလာလာ ဒီဈေးပဲ ရမှာပဲဆိုပြီး တစ်သောင်းခွဲကနေ ဘယ်လိုမှ တိုးမပေးဘဲ အခြေအနေတွေက တနေ့ တနေ့ တင်းမာပြီးတော့ ခုလိုထိအောင် ကြာသွားတာ”

အလုပ်သမားတွေရဲ့ ဆန္ဒကတော့ သူတို့တောင်းဆိုထားတဲ့ အနိမ့်ဆုံးလစာ ကျပ် ၃၀,၀၀၀ မရမချင်း ဆက်ပြီး တောင်းဆိုသွားမှာ ဖြစ်သလို စက်ရုံပိုင်ရှင်ဘက်ကလည်း ခုချိန်ထိတော့ လိုက်လျောမယ့် အရိပ် လက္ခဏာ မပြသေးပါဘူး။

“ ဆက်ပြီးတော့ တောင်းဆိုသွားမှာပဲ၊ ဒီပုံစံမျိုးပဲ၊ ပေးနိုင်ရင်ပေး။ သူဌေးမကပြောတယ်၊ နင်တို့ တောင်းတဲ့ ၃သောင်းကို ပေးရ မယ် ဆိုရင် သူတို့ ဒေဝါလီခံမယ် တဲ့။ အလုပ်သမားတွေကလည်း ဒေဝါလီခံရင် ခံလိုက် တဲ့၊ ရတယ်၊ ပြဿနာမရှိဘူး တဲ့။”

စံပယ်ပွင့်စက်ရုံနဲ့ မရှေးမနှောင်းမှာပဲ ဆန္ဒပြခဲ့ကြတဲ့ Hi-mo High Art ဆံပင်တုစက်ရုံက အလုပ်သမားတွေ ဆိုရင် အလုပ်သမား ရေးရုံး ကြားခံပြီး ပိုင်ရှင်နဲ့ ညှိနှိုင်းပြေလည်၊ သဘောတူညီချက်တွေ လက်မှတ် ထိုးပြီး တောင်းဆိုတဲ့အတိုင်း ကျပ် ၃၀,၀၀၀ ပေးပါ မယ် ဆိုပြီးတော့မှ အဲဒီ သဘောတူညီချက် ကို ဖောက်ဖျက် ခဲ့တာကြောင့် အဲဒီမှာလည်း ခုချိန်ထိ ဆန္ဒပြနေကြဆဲပါ။ ဒါဟာ အလုပ် ရှင်တွေ အချင်းချင်းကြား ညှိနှိုင်းလိုက်တာကြောင့်ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ယူဆပါတယ်။

“ ဆံပင်တုစက်ရုံဆိုရင် သူဌေးနဲ့ အလုပ်သမားတွေ ညှိနှိုင်းပြီး စာချုပ်တွေ ဘာတွေ ချုပ်ပြီးသွားပြီ။ ၃ သောင်း ပေးမယ် ဆိုတာ ကိုလေ၊ အဲဒါ ကျမတို့ သူဌေးမက စက်မှုဇုံမှာ ရှိတဲ့ ဆန္ဒပြနေတဲ့ စက်ရုံတွေရဲ့ သူဌေးတွေကို အကုန်လုံးကို လိုက်ပြီး ဆွေးနွေး လိုက်တယ်။ တသောင်းခွဲကနေ ပိုမပေးဘူးဆိုတာမျိုးပေါ့၊ အဲဒီမှာ ဆံပင်တုစက်ရုံက ၃သောင်းပေးမယ်လို့ သဘောတူထားပြီး သားကို တသောင်းခွဲပဲ ပေးတော့မယ် လို့ ပြန်လျှော့ချလိုက်လို့ ခု ပြဿနာတွေ အကြီးအကျယ်တက်ပြီး၊ မှန်တွေ ဘာတွေ ရိုက်ခွဲပြီး သောင်းကျန်း တာတွေ ဖြစ်ကုန်တာ။”

စံပယ်ပွင့်စက်ရုံက ဆန္ဒပြအလုပ်သမားကိုယ်စားလှယ်တဦးပါ။

ဆန္ဒပြအလုပ်သမားတွေ ရက်ရှည်ကြာလာတာနဲ့အမျှ နေ့စဉ်အတွက် သောက်ရေ၊ အစားအစာ စသည် အားဖြင့် လိုအပ်ချက်တွေ က ရှိလာနေပါတယ်။ ခုချိန်ထိတော့ လွတ်လပ်တဲ့တခြားအဖွဲ့အစည်းတွေက ကူညီ ဖြေရှင်းပေးနေကြပါသေးတယ်။ ဒါ့အပြင် အလုပ်သမားတွေ စိတ်ရှည်သည်းခံနိုင်စွမ်းကုန်ပြီး ရုန်းရင်း ဆန်ခတ်မဖြစ်အောင်လည်း ဝိုင်းထိန်းပေးနေကြတယ်လို့ ဆန္ဒပြ စက်ရုံတွေကို လှည့်လည် သွားလာပြီး ကူညီနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မသက်သက်အောင်က ပြောပါတယ်။ ဒီကနေ့မှ ဆန္ဒပြတဲ့ တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံက အခြေအနေအပါအဝင် စက်ရုံတွေရဲ့အခြေအနေကို သူက အခုလို ရှင်းပြပါတယ်။

“စံပယ်ပွင့်စက်ရုံက လော်စပီကာကြီးနဲ့ အော်တယ်၊ ဒီဘက်ကလည်း အော်တယ်၊ အပြန်အလှန်ပေါ့၊ ဖြစ်နေကြတာ။ ခု တိုးမြတ်အောင် အခြေအနေကလည်း သူတို့က မတိုးပေးဘူးပေါ့၊ လစာကို။ ဒီ နေ့ကြေး တစ်ထောင်တိုးပေးဖို့ ပြောတာ၊ ခု ၁၀၀ ပဲ တိုးပေးတော့ ခု ၄၅၀ ပဲ ရှိတယ်။ အလုပ်သမားတွေကတော့ မရရင် ဆက်ပြီး ဆန္ဒပြမယ် ပြောတယ်။”

အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အလုပ်သမားရေးရာရုံးတွေကို ဆက်သွယ် စုံစမ်းပေမဲ့လည်း တာဝန်ခံ ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။ အခုချိန်ထိကတော့ အစိုးရတာဝန်ရှိသူ ဘယ်သူ ကမှ ဒီအလုပ်သမားတွေရဲ့ ပြဿနာကို ဝင်ရောက် ကိုင်တွယ် ဖြေရှင်းတာမျိုး မတွေ့ရသေးပါဘူး။

XS
SM
MD
LG