သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် အလုပ်သမားဆန္ဒပြပွဲ ပိုမိုတင်းမာနိုင်


ရန်ကုန်၊ လှိုင်သာယာစက်မှုဇုံ ၄ က အလုပ်သမားတွေ ဆန္ဒပြနေတဲ့အခြေအနေဟာ ဒီကနေ့မှာတော့ ဒီကနေ့မှာတော့ ပိုရှုပ်ထွေး တင်းမာလာပါတယ်။ အလုပ်ရှင်တွေဘက်က အတင်းအကျပ်အပြုအမူ လုပ်လာတာတွေ ရှိခဲ့ပြီးတော့ တချို့စက်ရုံတွေကတော့ အလုပ်သမားတွေကို အလုပ်က ထုတ်ပယ်တယ် လို့ ကြေညာခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အလုပ်သမားတွေကို အဖျက်လုပ်ငန်းတွေ လုပ်ကြဖို့ ဖျားယောင်းသွေးဆောင်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေတွေအားလုံးကို ဘန်ကောက်ကနေ စုံစမ်းမေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

သပိတ်မှောက်အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေတာ ရက်ကြာလာတာနဲ့အမျှ အခြေအနေက အနည်းငယ် ရှုပ်ထွေးလာနေတာပါ။ စက်ရုံတရုံချင်းအလိုက် အခြေအနေအမျိုးမျိုး ကွဲပြားနေတာမှာ ဒီကနေ့ အပြင်းထန်ဆုံးဖြစ်ခဲ့တာကတော့ တိုးမြတ်အောင် ဇာထိုးပန်းထိုးစက်ရုံမှာဖြစ်ပါတယ်။ အဲဒီစက်ရုံက အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုတာ ဒီကနေ့က နှစ်ရက် မြောက်နေ့ဖြစ်ပါတယ်။

တိုင်ဝမ် တရုတ်လူမျိုးပိုင် အဲဒီ တိုးမြတ်အောင်စက်ရုံမှာ ဒီကနေ့မနက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေကို အလုပ်သမားတဦးက ရှင်းပြပါတယ်။

“ကျနော်တို့ဖယ်ရီကားရောက်တော့ ကားပေါ်ကလူတွေက ဆင်းတယ်။ ဆင်းတဲ့အချိန်မှာ အဲဒီတရုတ်က မဆင်းနဲ့ဆိုပြီးတော့ ကားပေါ်ကို တက်သွားတဲ့အချိန်မှာ မိန်းကလေး လေးယောက် ကျန်နေခဲ့တယ်။ အဲဒီမိန်းကလေးတွေကို အင်္ကျီရင်ဘတ်ကနေ ဆွဲခေါ်၊ ခါးကကိုင်ပြီး လွှတ်ပစ်လိုက်တယ်။ နောက် တယောက်ကိုလည်း အဲဒီလိုလုပ်တယ်။ နောက် ၂ ယောက်ကျတော့ ပါးဆွဲရိုက်တယ်။ အခု ကျနော်တို့ အဖွဲ့တွေက ဆန္ဒပြနေတာ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်း အပ်တိုတချောင်းတောင် ကျနော်တို့က မထိဘူး။ သူတို့က ကျနော်တို့ကို ကိုယ်ထိလက်ရောက်လုပ်တယ်။ ပါးရိုက်တယ်၊ ကျနော်တို့ကိုလည်း ဆဲတယ်။ ကျနော်တို့ဘက်က ပြန်ဆဲခြင်းလည်း မရှိဘူး။ သူတို့စက်ရုံက ပစ္စည်း ဘာတခုမှလည်း မထိခိုက်ဘူး။”

အရိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသွားတဲ့ အလုပ်သမတွေက ဆေးရုံမှာ ဆေးမှတ်တမ်းသွားယူပြီး လှိုင်သာယာရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခဲ့ကြပါတယ်။ အဲဒီအလုပ်သမားတွေ စက်ရုံဆီ ပြန်ရောက်တဲ့ အချိန်မှာတော့ သူတို့ကို အကူအညီပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလူတွေကို ဘာအကျိုးအကြောင်းမှ မပြောတော့သလို ရဲစခန်းမှာ သူတို့ ပြောဆိုကြုံတွေ့ခဲ့တာ တွေနဲ့ပတ်သက်ပြီး ဘာမှမပြောတော့ဘူးလို့ ၈၈ မျိုးဆက်အဖွဲ့က မသက်သက်အောင်က ပြောပါတယ်။ သူတို့ အလုပ်သမား အချင်းချင်း ပြောဆိုတာကို သိထားရတဲ့ ၈၈ မျိုးဆက်အဖွဲ့ကပဲ ကိုချစ်ကိုလင်း ပြန်ပြောပြတာကတော့ -

“စခန်းမှူးက သူတို့ကို ခေါ်ပြောတယ်တဲ့။ လမ်း နှစ်ခုရှိတယ်တဲ့။ တခုက လျှော်ကြေးပေးတဲ့ နည်းလမ်း၊ နောက်တခုကတော့ တရားစွဲမယ်၊ အဲဒါဆိုရင်တောင်မှ အများဆုံး ထောင် သုံးလလောက်ပဲ ချလို့ရမယ်တဲ့။ ညည်းတို့လျော်ကြေးယူမယ်ဆိုရင် လျှော်ကြေးတွေ အများကြီးရမယ်ဆိုပြီးတော့ ပြောလိုက် တယ်။ ကလေးမတွေကတော့ ယတိပြတ်တော့ အဖြေမပေးသေးဘူး။ မနက်ဖြန်မနက် ၈ နာရီခွဲ ပြန်ချိန်း ထားတယ်လို့ ပြောတယ်။ စက်ရုံကို လာမယ်လို့ ပြောတယ်ဗျ။”

လှိုင်သာယာရဲစခန်းမှူးက ၈၈ မျိုးဆက်အဖွဲ့ကလူတွေကို ရဲစခန်းတွင်း ဝင်ခွင့်မပေးခဲ့သလို ၈၈ တွေကို အားကိုးလို့မရဘူးဆိုပြီး တော့လည်း ပြောခဲ့တယ်လို့ မသက်သက်အောင်က ပြန်ပြောပြပါတယ်။ လှိုင်သာယာရဲစခန်းကို ဗွီအိုအေက ဆက်သွယ်ပေမဲ့ တယ်လီဖုန်း အဆက်အသွယ်လုပ်လို့ မရခဲ့ပါဘူး။

ဆန္ဒပြလာတာ ၁၀ ရက်မြောက်လာပြီဖြစ်တဲ့ စံပယ်ပွင့်စက်ရုံဘက်မှာတော့ အခြေအနေက အနည်းငယ် ပိုပြီး ရှု့ပ်ထွေးနေပါတယ်။ အလုပ်ရှင်နဲ့ ဆန္ဒပြအလုပ်သမားတွေအကြား ညှိနှိုင်းတာမျိုးလည်း ခုချိန်ထိ မရှိသေးသလို အလုပ်သမားတွေကလည်း စက်ရုံ အပြင်ဘက်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ တောင်းဆိုနေကြဆဲပါ။ ဒါပေမဲ့လည်း ဘယ်သူဘယ်ဝါမှန်း မသိရသူတွေက အကြမ်း ဖက် ဖျက်ဆီးတာမျိုးတွေလုပ်ဖို့ အလုပ်သမားတွေကို လာပြီး သွေးဆောင်စည်းရုံးခဲ့တယ်လို့ မသက်သက်အောင်က ပြောပါတယ်။

“စံပယ်ပွင့်မှာ မနက်က ကိုယ်စားလှယ်ငါးယောက်က ဘယ်သူတွေလဲဆိုပြီးတော့ လာမေး တယ်။ ခေါင်းဆောင် ၅ ယောက်က ဘယ်သူလဲ-တဲ့။ သူတို့နဲ့လာညှိပါဆိုတဲ့အဖွဲ့ထဲက ယောက်ကျားတယောက်က လာပြောတာကတော့ စက်ရုံကို ဖျက်ဆီးမယ် ပေါ့နော်- သူတို့လည်းလုပ်ပေးမယ်။ ဘာမှ မရမဲ့အတူတူ ဖျက်ဆီးမယ်ဆိုတဲ့ ပုံသဏ္ဍန်နဲ့ လာပြောတယ်။ အလုပ်သမားတွေဘက်က တချို့ကလည်း တကယ်ပဲ မရတော့ဘူးလားပေါ့။ သူမရ၊ ကိုယ်မရလုပ်မယ်ဆိုတဲ့ပုံစံမျိုးတွေ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက်ရှည်လာလို့၊ အဲဒါနဲ့ ကျမတို့က ဝင်တားရတယ်။ စိတ်ရှည်ပါ-သည်းခံပါ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်အခွင့်အရေးကိုယ် တောင်း ဆိုတာက ဥပဒေဘောင်ထဲက တောင်းဆိုတာဖြစ်တဲ့အတွက် မမှားပါဘူး။ ဒီလိုမျိုးတော့ မလုပ်ပါနဲ့ဆိုပြီး ကျမတို့ ဝင်တားထားရတယ်။”

နောက်ဆုံး ဆက်သွယ်ခဲ့တဲ့အချိန်ထိကတော့ စံပယ်ပွင့်စက်ရုံဘက်မှာ အခြေအနေက အေးအေးဆေးဆေး ပဲ ရှိနေပါသေးတယ်။ တခါ ပုလဲစက်ရုံက အခြေအနေကတော့လည်း တမျိုးကွဲပြားနေပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆန္ဒပြအလုပ်သမားကိုယ်စားလှယ် တဦး ပြောပြတာက -

“စက်ရုံထဲမှာ တရားဝင်ကြေညာလိုက်ပြီ၊ သမီးတို့ကို အလုပ်ဖြုတ်တယ်-လို့။ သမီးတို့ အပြင်မှာတော့ တရားဝင် မကြေညာရသေးဘူး။ သမီးတို့ကလေးတွေက တကယ်လို့ သူတို့အလုပ်ပြုတ်မယ်ဆိုလို့ ရှိရင်လည်း လျှော်ကြေးယူမယ်ပေါ့နော်။ လျှော်ကြေးယူပြီး ထွက်မယ်တဲ့။ စက်ရုံဘက်ကတော့ ဘာမှ သတင်းမကြားသေးဘူး၊ ပေးမယ်လို့လည်း မပြောသေးဘူး။ ဒီနေ့တော့ သူတို့က လူတွေကို တရားဝင်ခေါ်နေတယ်။ လာလျှောက်တဲ့လူတွေလည်း အများကြီးပဲ၊ ရတာ မရတာတော့ မသိဘူး။”

Hi-mo High Art ဆံပင်တုစက်ရုံမှာတော့ နောက်ဆုံး ဆက်သွယ်မေးမြန်းခဲ့တဲ့အချိန်ထိ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ် တွေအကြား ညှိနှိုင်းနေဆဲပါပဲ။ ဆန္ဒပြစက်ရုံအသီးသီးမှာ ဒီကနေ့အဲဒီလို အခြေအနေတွေ ရှိခဲ့ချိန်မှာ အစိုးရထုတ်သတင်းစာတွေမှာတော့ ဆန္ဒပြအလုပ်သမားတွေကို သတိပေးတဲ့ ပုံစံဆန်ဆန် ဆောင်းပါးတပုဒ်ပါလာပါတယ်။ ဥပဒေနဲ့မညီတဲ့ ဆန္ဒပြမှုတွေကြောင့်၊ အလုပ်ရှင်အတွက် အကျပ်အတည်းဖြစ်စေတဲ့ တောင်းဆိုမှုတွေကြောင့် အလုပ်ရှင်က လိုက်လျောဖို့ခက်ခဲလွန်းတဲ့အတွက် စက်ရုံပိတ်သိမ်းရမယ် ဆိုရင် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး လက်ရှိအခြေအနေထက် ပိုမို အခက်အခဲ တွေ့လာနိုင်တယ်ဆိုတာ မျှော်တွေးကြဖို့ လိုမယ်လို့ ကလောင်ရှင် မောင်စေတနာ ဆိုသူက ရေးသားထားပါတယ်ခင်ဗျား။

XS
SM
MD
LG