သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်၊ မန္တလေး လူစုလူဝေး ဟန့်တားခံရ


လျှပ်စစ်မီးရရေး ဆန္ဒဖော်ထုတ်သူ ရန်ကုန်လူထုအား ဆူးလေဘုရားပေါ်၌ တွေ့ရစဉ်။ (မေလ ၂၃ ရက်၊ ၂၀၁၂။) (ဓာတ်ပုံ-ခင်မောင်ဝင်း/အေပီ)
လျှပ်စစ်မီးရရေး ဆန္ဒဖော်ထုတ်သူ ရန်ကုန်လူထုအား ဆူးလေဘုရားပေါ်၌ တွေ့ရစဉ်။ (မေလ ၂၃ ရက်၊ ၂၀၁၂။) (ဓာတ်ပုံ-ခင်မောင်ဝင်း/အေပီ)

၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြ တောင်းဆိုလှုပ်ရှားမှုတွေကို ဒီကနေ့ သက်ဆိုင်ရာရဲ့ တားမြစ် မှုတွေကြားက ရန်ကုန်မြို့မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမြို့ မှာလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အခုလို အခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဒုတိယမြောက်နေ့မှာ ဆက်လက် ဆန္ဒထုတ်ဖော်ဖို့အတွက် ထောင်နဲ့ချီတဲ့ ရန်ကုန်မြို့ခံတွေဟာ မြို့လယ်မှာရှိတဲ့ ဆူးလေဘုရားအနီးမှာ ညနေ ၆ နာရီဝန်းကျင်က စုဝေးခဲ့ကြတာပါ။ ဒါပေမဲ့ အာဏာပိုင်တွေ ရောက်ရှိလာပြီး - ဦးဆောင်သူတချို့နဲ့တွေ့ဆုံပြီး - ဆန္ဒပြတောင်းဆိုမှုတွေ ဆက် မလုပ်ဖို့နဲ့ ရဲချုပ်ရဲ့ စာကို ပေးအပ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ကိုခင်ဇော် က ပြောပြပါတယ်။

“ဖယောင်းတိုင်မီးထွန်းပြီး ချီတက်ပွဲလုပ်မယ့်အချိန်မှာပဲ အနောက်ပိုင်းခရိုင်၊ ဒု-ရဲမှူးကြီး ဦးမျိုးအောင် ကနေပြီးတော့ စာတစောင်ထုတ်ပြတယ်ဗျ။ စာတစောင်လာပေးတယ်ပေါ့နော်၊ ဒီ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုဟန်ဝင်းအောင်ကိုလေ- လျှပ်စစ်မီးပြတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ကနေပြီးတော့ သတင်းစာမှာ အတိအလင်းကြေညာထားပြီးတော့ ပြည်သူလူထုကို မေတ္တာရပ်ခံထားပြီးလည်း ဖြစ်တယ်ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ တည်ဆဲဥပဒေတွေအရ ၅ ယောက်ထက်ပိုပြီးတော့ စီတန်းလမ်းလျှောက်မယ်ဆိုလို့ရှိရင် ဥပဒေ အရ ဆောင်ရွက်ရမယ်ဆိုတဲ့အကြောင်းကို ပြောတယ်ခင်ဗျ။ အဲဒီစာကို လာပေးသွားတဲ့အချိန်မှာ ကိုဟန်ဝင်းအောင်က အဲဒီစာကို ဖတ်ပြလိုက်တယ်။ ဖတ်ပြပြီးသွားတော့ လုပ်မယ်ဆိုတဲ့အတိုင်းပဲ ဆက်ပြီးတော့ ကျနော်တို့လုပ်တယ်ခင်ဗျ။ အဲလိုလုပ်တဲ့အခါမှာ ကျနော်တို့ ဘယ်ကနေ စသွားသလဲ ဆိုတော့- လက်ရွေးစင်ရှေ့ကနေပြီး ဖရေဇာလမ်းဘက်ကို ပြန်ထွက်လာပြီးတော့ ဖရေဇာလမ်းဘက်မှာ ဂုံးကျော်တံတားရှိတယ်။ အဲဒီ ဂုံးကျော်တံတားကနေ ပတ်ပြီးတော့ ဆူးလေးဘုရားပေါ်ကိုတက်လာတယ်။ ဆူးလေဘုရားကို သုံးပတ်ပတ်ပြီးတော့ ကျနော်တို့ အခု အဆုံးသတ်ပွဲကို လုပ်နေတယ်ခင်ဗျ။”

အရင်က သတ်မှတ်ထားတဲ့ ဗန္ဓုလပန်းခြံရှေ့ စုဝေးပြီး ဖယောင်းတိုင် ထွန်းညှိ ဆန္ဒပြမယ့် အစီအစဉ်တော့ ပျက်သွားခဲ့ရတယ်လို့ ကိုခင်ဇော်က ပြောပါတယ်။ လုံခြုံရေးတွေကတော့ အနှောင့်အယှက်ပေးတာမျိုး မရှိဘဲ - ဆန္ဒပြသူအရေအတွက်ဟာ အင်္ဂါနေ့ကထက် ပိုများခဲ့တာကြောင့် ယာဉ်ကျောပိတ်ဆို့မှု အခြေအနေကို ရှင်းပေးတာမျိုး၊ အဝေးကနေ စောင့်ကြည့်တာမျိုးလောက်သာ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြည်သူ တွေဘက်ကလည်း အော်ဟစ်တောင်းဆိုမှုမလုပ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖယောင်းတိုင်မီးကိုင်ဆောင်ပြီး စီတန်းလမ်းလျှောက်ကြသလို တချို့ကလည်း ပိုစတာတွေကို ကိုင်ဆောင် ထားကြတယ်လို့လည်း ကိုခင်ဇော် က ဆက်ပြောပြပါတယ်။

“ ‘ဘက်ထရီလည်းမဝယ်နိုင်၊ အင်ဗာတာလည်း ငါမပိုင်၊ ဖယောင်းတိုင်မီးနဲ့မှိုင်’ - ဆိုတာလည်း ပါတယ်ဗျာ- နောက်တခုက ‘ရန်ကုန်မြို့ကြီး နေပြည်တော်လို မီးလင်းပါစေ၊ မြန်မာပြည်တဝှမ်း မီးလင်းပါစေ’ တရုတ်နဲ့ပတ်သက်တဲ့ဟာလည်း ပါတယ်ဗျ။ တရုတ်ပြည်ကြီးကျတော့ ဗမာပြည်က gas တွေနဲ့ မီးလင်းနေတယ်ဗျာ။ ဗမာပြည်မှာကတော မီးမှောင်နေတယ်ဆိုတဲ့ အကြောင်းကို ရေးထားတာ ဗျ။ နောက်တခု ကျနော် ဖတ်ပြမယ်ဗျ။ ‘ဘယ်ဝန်ကြီးအိမ် မီးပျက်နေပါသနည်း’- တဲ့။”

အလားတူပဲ ရန်ကုန် - တောင်ဒဂုံမြို့နယ်ဘက်မှာလည်း လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်တောင်းဆို မှုတွေ ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။ မန္တလေးမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူတွေထဲက တချို့ ခေါ်ယူမေးမြန်းခံခဲ့ရပြီး နောက် ဗုဒ္ဓဟူးနေ့မှာတော့ ဒီလို ဆန္ဒထုတ်ဖော်မှုတွေကို ဆက်လုပ်မယ် မလုပ်ဘူးဆိုတာ မသိရသေးပါဘူး။ အင်္ဂါနေ့ည ၁၀ နာရီလောက်ကတော့ ဆိုင်ကယ်လ်တွေနဲ့ ဖယောင်းတိုင်မီးအစား မီးဒုတ်တွေကို ကိုင်ဆောင်ပြီး လှည့် လည်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံတဦးက ပြောပြခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေဖြစ်ခဲ့တဲ့ အခုရက်ပိုင်း အတွင်း မန္တလေးမြို့က လုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ - သတင်းထောက်တဦးက အခုလို ပြောပြပါတယ်။

“လျှပ်စစ်မီးကိစ္စနဲ့ပတ်သက်ပြီးတော့အဲဒီ ကျုံးဘေးမှာ ဆန္ဒဖော်ထုတ်တဲ့နေ့တွေတုန်းကတော့ ရဲတွေ၊ အချုပ်ကားတွေ အများကြီး သိသိသာသာ ချထားတယ်။ ဒီနေ့အခြေအနေမှာတော့ သိပ်ပြီးတော့ အဲဒီလို မမြင်မတွေ့ရပါဘူးဗျ။ သိသိသာသာ အချုပ်ကားတွေနဲ့ မတွေ့ရတော့ပါဘူး။ ဒါပေမဲ့ ကျုံးဘေးမှာ ရဲတွေ ကိုတော့ တယောက်စ၊ နှစ်ယောက်စတော့ မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ လူတွေလည်း ဆန္ဒဖော်ထုတ်ဖို့ သိပ်ပြီး များများစားစား လာကြတာ မရှိတော့ အရင်ရက်တွေလောက် ရဲတွေကို ကျုံးဘေးမှာ ချထားတာ မတွေ့ရတော့ပါဘူး။”

မြန်မာအစိုးရက လျှပ်စစ်မီး အလုံအလောက် မရှိတဲ့အတွက် ဖြန့်ဝေမှုတွေကို ဖြတ်တောက်မယ် လို့ ကြေညာခဲ့ရာက မန္တလေးမြို့ကစလို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ ရေနံ၊ သဘာဝဓာတ်ငွေ့ သာမက ရေအားလျှပ်စစ် ထုတ်လုပ်မှုတွေ အကြီးအကျယ် ရှိနေပေမဲ့လည်း အများစုကိုတော့ အိမ်နီးချင်း ထိုင်း၊ တရုတ် စတဲ့ နိုင်ငံတွေကို တင်ပို့ရောင်းချနေတာလည်း ဖြစ်ပါတယ်။

လူဦးရေ သန်း ၆၀ ရှိတဲ့ မြန်မာနိုင်ငံမှာ လူ ၄ ယောက်မှာ ၁ ယောက်နှုန်းသာ လျှပ်စစ်မီးကို သုံးစွဲနိုင်တဲ့ အဆင့်မှာသာ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီအတွက်လည်း ၂၄ နာရီ မီးရရှိရေး မန္တလေးမြို့မှာ ဆန္ဒပြ ပွဲတွေ ၂ ရက်ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာမို့ လူတချို့ကို ခေါ်ယူစစ်ဆေး မေးမြန်း ခံရတာတွေလည်း ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက်မှာတော့ အစိုးရက လွတ်လပ်စွာ စုဝေး ဆန္ဒပြ ခွင့်တွေ ပြုခဲ့တာ ဖြစ်ပေမဲ့ ကြိုတင်ခွင့်ပြုချက် ရယူဖို့လည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လိုက်နာဖို့ ပျက်ကွက်တယ်ဆိုရင် ဖမ်းဆီး ခွင့်လည်း ရှိနေတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG