သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြဿနာတက်တဲ့သတင်းရေးသားသူကို ဖော်ထုတ်ရန်မလို


အစိုးရဘဏ္ဍာငွေတွေကို ဝန်ကြီးဌာနတွေက မမှန်မကန်လုပ်ခဲ့တယ်ဆိုတဲ့ သတင်း ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ သတ္ထုတွင်း ဝန်ကြီးဌာနက The Voice Weekly အပတ်စဉ်ထုတ် ဂျာနယ်အပေါ် တရားစွဲထားတဲ့အမှုမှာ ဒီသတင်း ဘယ်သူရေးတယ် ဆိုတာ ဖော်ပြပေးဖို့အတွက် သတ္ထုတွင်းဝန်ကြီး ဌာနဘက်က တောင်းဆိုချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒဂုံမြို့နယ်တရားရုံးရဲ့ အဲဒီလို ဆုံးဖြတ်ချက်အပေါ် The Voice ရဲ့ တာဝန်ရှိသူနဲ့ သတင်းစာဆရာများအသင်းတို့က ကြိုဆိုလိုက်ကြ ပါတယ်။ အမှုကိုတော့ ဂျွန်လ ၆ ရက်နေ့မှာ ဆက်လက် ကြားနာစစ်ဆေးသွားမှာဖြစ်တဲ့ အကြောင်း ဘန်ကောက်ရုံးကနေ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ထုတ်ဝေခဲ့တဲ့ The Voice Weekly ဂျာနယ် အတွဲ ၈၊ အမှတ် ၁၃ မှာ ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနတချို့မှာ ကျပ်ငွေသိန်းပေါင်းထောင်နဲ့ချီပြီး အလွဲသုံးစား လုပ်ထား တာတွေ တွေ့ရတယ် ဆိုတဲ့သတင်းကို ရေးသားခဲ့တဲ့ သတင်းထောက်ရဲ့အမည်ကို ဖော်ထုတ်ပေးဖို့ သတ္တုတွင်းဝန်ကြီးဌာနက တရားလိုလုပ်ပြီးတော့ တရားစွဲဆို ထားတဲ့အမှုအတွက် မေလ ၂၃ ရက်နေ့မှာ တရားရုံးက ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။

ဒီအမှုမှာ The Voice Weekly ဘက်က လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်ရှေ့နေ ဦးသိန်းညွန့်က တရားရုံးရဲ့ ဆုံးဖြတ်ချက် နဲ့ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“ပြစ်မှုဆိုင်ရာ ကျင့်ထုံးတွေကို ကိုးကားပြီးတော့ နောက်ဆုံး ဒီသတင်းရေးသားသူရဲ့ အမည်ကို အယ်ဒီတာ ချုပ် ဖော်ထုတ်ဖို့မလိုဘူး။ တရားရုံးကလည်း အယ်ဒီတာချုပ်ကို ဖော်ထုတ်ဖို့အတွက် အတင်းအကျပ် မပြုနိုင်ဘူးဆိုပြီးတော့ ဒီနေ့ ဆုံးဖြတ်တာပေါ့။ သတင်း မီဒီယာ သမားတွေ အားလုံးလိုလားနေတဲ့ သတင်းရေးသားသူကို ထုတ်ဖော်ဖို့ မလိုဘူးဆိုတာ ဒီအမှုမှာ ဒီနေ့ စီရင်ချက်ချတာပေါ့။”

The Voice က ဖော်ပြခဲ့တဲ့ သတင်းထဲမှာ တခြားဝန်ကြီးဌာနတွေလည်း ပါဝင်ပေမဲ့ သတ္တုတွင်း ဝန်ကြီးဌာန တခုထဲကပဲ အခုလို တရား စွဲဆိုခဲ့တာဖြစ်ပါတယ်။ သတင်းထောက်ရဲ့ အမည်ကို ဖော်ထုတ်ပေးဖို့ တောင်း ဆိုခဲ့ချိန်ကတည်းကိုက သတင်းမီဒီယာတခု အနေနဲ့ ကိုယ့် သတင်းထောက်ရဲ့အမည်ကို ဖော်ထုတ်တာဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မကိုက်ညီတဲ့အတွက် မဖော်ထုတ်ပေးနိုင် ကြောင်း The Voice Weekly ဘက် က ပြောထားပါတယ်။

တရားရုံးရဲ့ အခုဆုံးဖြတ်ချက်ဟာ နိုင်ငံမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ သုံးရပ်ကို သီးခြားစီ ကျင့်သုံးနေ တယ်ဆိုတာ သက်သေပြချက်တခုအဖြစ် The Voice Weekly ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက မြင်ပါတယ်။

“ဒါကတော့ ကြိုဆိုရမှာပေါ့ဗျာ။ ဘာပဲပြောပြော တလျှောက်လုံး တရားစီရင်ရေးကို အုပ်ချုပ်ရေးက စွက်ဖက် လာခဲ့တဲ့ ကုန်ခဲ့တဲ့ ကာလတလျှောက်လုံးက ဟာတွေကို ပြောင်းပြန် လှန်ပစ်တာမို့လို့- နောက်တချက်က လည်း အစိုးရပြောင်းသွားတဲ့ အခါ အာဏာသုံးခုက တသီးတခြားစီ ရှိနေတယ်ဆိုတာကို လောလောဆယ် လက်တွေ့ပြတဲ့ဟာတခုလို့ ယူဆရပါတယ်။”

သတ္တုတွင်းဝန်ကြီးဌာနက The Voice ကို တရားစွဲဆိုတဲ့အမှု စဖြစ်ခဲ့ချိန်ကတည်းက မြန်မာ စာနယ်ဇင်း သမားတွေက The Voice ဘက်က ရပ်တည်ခဲ့ကြပါတယ်။ အမှုစစ်ဆေးတဲ့ဖြစ်စဉ်ကိုလည်း ပြည်တွင်း ကရော ပြည်ပ သတင်းမီဒီယာတွေကပါ စောင့်ကြည့် နေခဲ့ကြတာပါ။

သတင်းမီဒီယာတွေအနေနဲ့ ကျင့်ဝတ်ကို ဖောက်ဖျက်ပြီး လုပ်ဆောင်လို့မရပါဘူးလို့ဆိုပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်သူတဦးကတော့ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးကိုကို၊ ကလောင်အမည် ကိုကို (စက်မှုတက္ကသိုလ်) ပါ။

“ကြိုဆိုပါတယ်။ ဒါကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တခုဖြစ်ပါတယ်။ နောက်တခါ ကျနော်တို့ စာ၊ နယ်၊ ဇင်း သတင်းစာသမား တွေရဲ့ စာ၊ နယ်၊ ဇင်းဆိုင်ရာကျင့်ဝတ်ပါပဲ။ ကျနော်တို့က source ကို ထိန်း သိမ်းစောင့်ရှောက် ရမယ့်ကိစ္စ၊ Protect the Source. ဒီဥစ္စာလည်း အရေးကြီးတဲ့ ကျင့်ဝတ်တခု ဖြစ်ပါ တယ်။ အဲဒါကြောင့်- ထုတ်ဖော်ပြောကြားဖို့ဆိုတဲ့ ကိစ္စဟာ ကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ကိစ္စ၊ ဘယ်သူမှ မလုပ်နိုင်တဲ့ အရာတခု ဖြစ်ပါတယ်။ အဲဒီအတွက် တရားရုံးက ပ,လပ်လိုက်တယ်ဆိုတာကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုဖြစ်တယ်၊ နောက်တခါ သတင်းသမားတွေ ဆောင်ရွက်လိုက်နာရမယ့် ကျင့်ဝတ်အပေါ်မှာ တရားရုံးက နားလည် သဘောပေါက်တယ်လို့ ကျနော်တော့ အဲလိုပဲ ယူဆပါတယ်။”

ဒီအမှုမှာ အပိုင်းနှစ်ပိုင်းရှိပြီး နောက် ကျန်နေသေးတဲ့အပိုင်းကတော့ ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ စွဲဆို ထားတဲ့အမှုပါ။ အဲဒီအမှုကို တော့ ဇွန်လ ၆ ရက်နေ့မှာ ဆက်ပြီး ကြားနာသွားဖို့ တရားရုံးက ဆုံးဖြတ် ပါတယ်။

The Voice Weekly အကျိုးဆောင်ရှေ့နေ ဦးသိန်းညွန့်ကတော့ အဲဒီအမှုကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှာ ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပြီး သတ္တုတွင်းဝန်ကြီးဌာန ဘက်ကတော့ ပြစ်မှုဆိုင်ရာ တရားရုံးတွေမှာပဲ စစ်ဆေးဖို့ ကြိုးစားနေတာပါ။ ဒါကို နှစ်ဘက် လျှောက်လဲချက်တွေပေးပြီးတဲ့နောက် ဘယ်မှာ ဆက်စစ်မယ်ဆိုတာ တရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒီကနေ့ ချမှတ်ခဲ့တဲ့ စီရင်ချက်ထဲမှာ The Voice Weekly ကို အနိုင်ပေးလိုက်ပေမဲ့ သူ့ကိုတော့ တရားရုံးက သတိပေးခဲ့တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေကို တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးစနစ်က ကာကွယ်စောင့်ရှောက်ဖို့ ဆိုပြီး သူ့ရဲ့ လျှောက်လဲချက်ထဲမှာ ထည့်သွင်းပြောဆိုခဲ့တဲ့အပေါ် တရားရုံးက သတိပေးခဲ့တာဖြစ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။ အဲဒီလို သတိပေးချက်ကို ပယ်ဖျက်ပေးဖို့အတွက် အဆင့်မြင့်တရားရုံးတွေမှာ ပြင်ဆင်မှု တက်သွားမယ် လို့လည်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ရှေ့နေ ဦးသိန်းညွန့်က ပြောပါတယ်ခင်ဗျား။

XS
SM
MD
LG