သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ဆဲ၊ AI ဝေဖန်


လန်ဒန်အခြေစိုက် Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ ၂၀၁၂ ခုနှစ် နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံ အတွင်း မြန်မာစစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

စစ်ပွဲတွေဖြစ်နေတဲ့ဒေသက ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ လည်း အာဏာပိုင်တွေ ဘက်က ပိတ်ပင်ထားပြီး မြန်မာစစ်တပ်က စစ်သားတွေဟာ အရပ်သားတွေပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း ကျူးလွန်ကြတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရဟာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အကန့်အသတ်နဲ့ လုပ်ဆောင်နေပေမဲ့ အခုနှစ်အတွင်းမှာပဲ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ နိုင်ငံတကာဥပဒေတွေနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်မှုတွေ ရှိနေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ဝေဖန်ထားပါတယ်။

အဲဒီအထဲ အချို့အမှုတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ် မှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ် အတွင်းက အခြေအနေတွေ ကို ထောက်ပြဝေဖန်ထားရာမှာ ဖြစ်ရပ်တွေကိုပါ အသေးစိတ်ရေးသားထားပါတယ်။ ရှမ်းပြည်နယ်အတွင်း မှာ အရပ်သားတွေကို ညှင်းပမ်းနှိပ်စက်မှု မတရားဖမ်းဆီး ချုပ်နှောင်မှုတွေရှိတဲအ့ပြင် ကျေးရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းမှုတွေပါ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခိုင်မာတဲ့ အထောက်အထားတွေအရ စစ်တပ်ဟာ အကျဉ်းသားတွေကို ပေါ်တာအဖြစ် အသုံးပြုတာ၊ မိုင်းရှင်းတဲ့နေရာ လူသားဒိုင်းလို အသုံးပြုတာမျိုးတွေ ရှိတယ်လို့လည်း ဝေဖန်ပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတာရှိပေမယ့်လည်း နိုင်ငံရေးအရလှုပ်ရှားသူတွေကို အပြစ်ပေးထောင်ချတာတွေ ဆက်ရှိနေသလို နိုင်ငံရေးအကျဉ်းသားတွေ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်တွင်း အခြေအနေဟာလည်း အတော်လေး ဆိုးဝါးနေဆဲပဲလို့ ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေရှိပေမဲ့ လူ့အခွင့်အရေးအရ တိုးတက်ဖို့ လုပ်ဆောင်စရာတွေ ကျန်နေသေးတယ်လို့ နိုင်ငံတကာက ဝေဖန်တာခံနေရဆဲပါ။ ဒီနေ့ဆိုရင်တော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်စဉ် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်ဖို့ရှိပါတယ်။ အဲဒီအထဲ မြန်မာနိုင်ငံအခြေအနေကိုလည်း ထည့်သွင်းဖော်ပြမယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG