သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုတွေ ပြေလည်အောင်ဖြေရှင်းပေးဖို့ အာဏာပိုင်တွေကို ၈၈ မျိုးဆက်တောင်းဆို


ရန်ကုန်မြို့တဝိုက်မှာဖြစ်ပေါ်နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေ ပြေလည်ဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ဖြန်ဖြေရေးကော်မတီတွေဖွဲ့ပြီးတော့ အမြန်ဆုံး ဖြေရှင်းပေးဖို့လိုတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ အလုပ်သမားဆန္ဒပြမှုတွေ အရှိန်မြင့်လာနေပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ အထိပါ အခြေအနေတွေ ပိုပြီးတော့ ဆိုးလာနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတဲ့အချိန်မှာပဲ ၈၈ မျိုးဆက် ကျောင်းသားတွေက အခုလိုမျိုး တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့တဝိုက်က စက်ရုံအလုပ်သမားတွေ လုပ်အားခတိုးမြှင့်ပေးရေးနဲ့ အလုပ်သမားခံစားခွင့်တွေ ပိုမို ရရှိရေးတို့အတွက် ဆန္ဒပြတောင်းဆိုမှုတွေ အရှိမြင့်လာနေချိန်မှာပဲ မနေ့က ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီးတော့ အခုလို တောင်းဆိုလိုက်တာပါ။ မနေ့က ဆန္ဒပြမှုတွေ အရှိန်မြင့်လာပြီး အကြမ်းဖက်မှုတွေပါ ဖြစ်ပေါ်လာနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာကြောင့် ဒီကိစ္စပြေလည်နိုင်အောင် သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဖြန်ဖြေရေးကော်မတီလိုမျိုး ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတဲ့ ကော်မတီတရပ်ဖွဲ့စည်းပြီး ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီးက ပြောပါတယ်။

"ဥပဒေအရဆိုရင်တော့ ဖြန်ဖြေရေးကော်မတီပေါ့- ကော်မရှင်ပေါ့။ ခုံသမာဓိအဖွဲ့ ဖွဲ့ဖို့- အဲဒါကို ဖွဲ့ပြီးတော့ ဖြေရှင်းပေးဖို့၊ အမြန်ဆုံးပေါ့လေ၊ အရေးယူဆောင်ရွက်ပေးဖို့ ကျနော်တို့ တိုက်တွန်းတာပါ။"

အလုပ်ရှင်၊ အလုပ်သမားဆိုတာဟာ မိသားစုလို ဆက်ဆံကြရမှာဖြစ်တာကြောင့် တဦးနဲ့တဦး ဆက်ဆံရေးမှာ ပြေလည်ဖို့လိုအပ်တယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။ နိုင်ငံခြားကရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုကြရမှာဖြစ်ပေမယ့်လည်း တိုင်းပြည်အတွင်းက အလုပ်သမားတွေရဲ့ အခွင့်အရေးကို မထိခိုက်စေဖို့တော့ သတိထားသင့်တယ်လို့လည်း ကိုကိုကြီးက ထောက်ပြပြောဆိုပါတယ်။

"ကျနော်တို့က ၁၉၈၈ မှာကတည်းက နိုင်ငံက ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံဖြစ်သွားတဲ့အပေါ်မှာ၊ တိုင်းပြည်ဆင်းရဲ မွဲတေတဲ့အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးစံနစ်တွေကို ကျနော်တို့ မကျေနပ်လို့ ဆန္ဒပြလာခဲ့တာ၊ အဲဒီတော့ ဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေကို ကျနော်တို့က လာလည်း လာစေချင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်စေချင်တယ်။ အဲသလိုလာတဲ့အချိန်မှာ ကျနော်တို့ နိုင်ငံ သားတွေရဲ့အခွင့်အရေးကိုလည်း အာမခံချက်ရှိတဲ့- အနိမ့်ဆုံးအဆင့် အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ လုပ်ခ လစာတွေနဲ့ နှိုင်းယှဉ်နိုင်တဲ့အခြေအနေမျိုးပေါ့။ အဲဒါမျိုးတော့ ဖြစ်စေချင်တယ်။"

မနေ့က ဆန္ဒပြမှုတွေမှာ အကြမ်းဖက်မှုတွေပါလာတယ်ဆိုတဲ့သတင်းတွေ ထွက်လာနေတာကြောင့် အဲလိုမျိုး အကြမ်းဖက်မှုတွေဖြစ်မလာအောင်နှစ်ဘက်စလုံးက သတိထားကြဖို့လိုအပ်တယ်ဆိုတာကိုလည်း ဦးကိုကိုကြီးက ပြောပါတယ်။

"ကျနော်တို့ကတော့ အကြမ်းဖက်တာကို ဘယ်လို အကြမ်းဖက်တာမျိုးကိုမှ လက်မခံဘူး။ အဲဒီတော့ အလုပ်သမားတွေဘက်ကလည်း သူတို့သပိတ်မှောက်တယ်၊ ဆန္ဒပြတယ်ဆိုတာဟာ သူတို့ရဲ့နေ့စဉ် လုပ်ခလစာတွေကို စွန့်လွှတ်ပြီးတော့ ပြကြတာ။ နေ့စဉ် စားရေးသောက်ရေးကအစ တော်တော် အခက်အခဲရှိပါတယ်။ သပိတ်ရက်ရှည်လာတာနဲ့အမျှ အလုပ်သမားတွေရဲ့အခက်အခဲတွေကလည်း ပိုပိုပြီးကြီးကြီးလာပါတယ်။ ဒါကြောင့်မို့လို့ လည်း ကျနော်တို့က နိုင်ငံတော်အဆင့်ကပါ တာဝန်ရှိတဲ့သူတွေ အနေနဲ့ အလေးအနက်ထားပြီးတော့ ကိုယ့်နိုင်ငံသားတွေဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ပေးဖို့၊ တချိန်တည်းမှာပဲ အလုပ်ရှင်တွေအနေနဲ့လည်း ဒီမှာ ရင်းနှီးမြှုပ်နှံတဲ့အခွင့်အလမ်းကို မထိခိုက်အောင် နှစ်ဘက် မျှမျှတတနဲ့ဆောင်ရွက်ပေးဖို့ - အဲဒါကို ကျနော်တို့ အဓိကလိုလားတာပါ။"

မြန်မာနိုင်ငံဟာ လက်ရှိအနေအထားမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေတဲ့ အချိန်ဖြစ်တာကြောင့် ဆန္ဒဖော်ထုတ်ကြတဲ့ အလုပ်သမားတွေရဲ့အခွင့်အရေးကို အသိအမှတ်ပြုသင့်တဲ့ တချိန်တည်းမှာပဲ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ထိခိုက်မသွားအောင်လည်း ထိန်းသိမ်းဖေးမပေးသင့်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ကိုယ်တိုင်လည်း လူထုဆန္ဒထုတ်ဖော်ပြောကြားခွင့်တွေနဲ့ပတ်သက်လို့ အလေးအနက် ထားတယ်။ ကျနော်တို့လူထုက တလျှောက်လုံးငြိမ်ခံနေခဲ့ကြရာက ကိုယ့်ရဲ့နစ်နာမှုတွေလည်း မပြောရဲ၊ ပြောခွင့်မရ၊ ကိုယ့်လိုအပ်ချက်တွေကိုလည်း ထုတ်ဖော်ခွင့်မရဆိုတဲ့ အခြေအနေမျိုးကနေ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ပြောင်းတော့မယ်ဆိုရင်တော့ လူထုရဲ့ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်တွေကို အသိအမှတ်ပြုရမယ်။ ဒါက အရေးကြီးပါတယ်။ တချိန်တည်းမှာပဲ အခုဖြစ်နေတဲ့ အသွင်ကူးပြောင်းရေးကာလ ဖြစ်စဉ်တွေကို လမ်းကြောင်းပြောင်းမသွားအောင်လည်း ဝိုင်းပြီးတော့ ဂရုစိုက်သင့်တယ်၊ ထိန်းသိမ်းသင့်တယ်လို့ မြင်ပါတယ်။"

၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ ဆန္ဒပြသူတွေကို ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး အခြေအနေတွေ ကို လက်တွေ့လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ အလုပ်ရှင်တွေဘက်ကရော အလုပ် သမားတွေဘက်ကပါ သူတို့ရဲ့ မူလရည်ရွယ်ချက်တွေအတိုင်း ဆက်လက်ရပ်တည်နေကြပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကိုလည်း အလုပ်သမားတွေဘက်က လိုက်လျောပေးတာမျိုး မရှိသေးပါဘူး။ ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းကမ်းတကျ ဖြစ်စေဖို့အတွက်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့က ဖေးမဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG