သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်လူထု သမ္မတသစ်ရွေးချယ်


အီဂျစ်နိုင်ငံမှာ သမ္မတမူဘာရက် နှုတ်ထွက်သွားခဲ့ပြီးတဲ့နောက် နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်နေရာမှာ နောက်ဆုံးအဆင့်ကို စတင်လိုက်တဲ့အနေနဲ့ ကျင်းပတဲ့ သမိုင်းဝင် သမ္မတ ရွေးကောက် တင်မြှောက်ပွဲမှာ အီဂျစ်ပြည်သူတွေ မဲပေးနေကြပါတယ်။

ပြင်းထန်တဲ့ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့အပြီး ၂၀၁၁ ခုနှစ်မှာ မစ္စတာမူဘာရက် နှုတ်ထွက် သွားခဲ့ပြီးတဲ့နောက် ပထမဆုံး သမ္မတတာဝန် ရယူနိုင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်သူ သမ္မတလောင်း ၁၃ ဦး ရှိတယ်လို့သိရပါတယ်။

မဲဆန္ဒပေးဖို့အတွက် တန်းစီစောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေ အများအပြားရှိနေတာကို မြင်တွေ့နေရတဲ့ အကြောင်း အဲဒီမှာရောက်ရှိနေတဲ့ VOA သတင်းထောက်က ပြောပါတယ်။ ၂ ရက်ကြာ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အီဂျစ်နိုင်ငံသား သန်း ၅၀ လောက် မဲပေးကြဖို့ ရှိနေတာပါ။

ကြိုတင်ခန့်မှန်းချက်တွေအရ ရှေ့တန်းက တစ်ပေးခံထားရသူ အများအပြားရှိနေပါတယ်။ အဲဒီအထဲက ၂ ဦးကတော့ အရင်သမ္မတ မူဘာရက်အစိုးရအတွင်းမှာ ပါဝင်တာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်ကြပြီး သူတို့ဟာ ဘာသာရေး ကင်းရှင်းမှုနဲ့ တိုင်းပြည် တည်ငြိမ်ရေးကို ပြန်လည်ရရှိအောင် ဆောင်ရွက်ပါမယ် ဆိုပြီးတော့ ကတိပြုထားကြပါတယ်။

သူတို့ ၂ ဦး ကတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အာရပ်အဖွဲ့ချုပ် အကြီးအကဲဟောင်း အမ်မာ မူဆာ နဲ့ အရင်သမ္မတ မူဘာရက်ရဲ့ ဝန်ကြီးချုပ်ဟောင်းနဲ့ လေတပ်ဦးစီးချုပ်တာဝန်ယူခဲ့သူ အာမက် ရှာဖစ် တို့ဖြစ်ကြပါတယ်။ အာမက် ရှဖစ်ဟာ အီဂျစ်မှာ အာဏာကြီးမားတဲ့ စစ်တပ်ရဲ့ထောက်ခံမှု ရထားသူ ဖြစ်ပါတယ်။

သူတို့ ၂ ဦး စလုံးဟာ ထောက်ခံမှု အားတောင့်တင်းတဲ့ အစ္စလာမ်ဘာသာရေး ကျောထောက်နောက်ခံ ရှိသူ သမ္မတလောင်း ၂ ဦးနဲ့ အဓိက ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG