သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကို Johns Hopkins တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်


မေလ (၂၄) ရက် မနေ့က အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်၊ Johns Hopkins တက္ကသိုလ်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor of Humane Letters) ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ AIDS ရောဂါ ကာ ကွယ် ကုသစောင့်ရှေက်မှုတွေ မကြာခဏသွားရောက် လုပ်ဆောင်ခဲ့သူ Johns Hopkins တက္ကသိုလ် လူထု ပညာရေးဌာနက ပါမောက္ခ ဒေါက်တာ ခရစ်(စ်) ဘိုင်ယာ (Dr. Chris Beyrer) က ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလက်ခံ ရယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအခမ်းအနားအတွက် ဗီဒီယိုမိန့်ခွန်းပေး ပို့ခဲ့တာမှာ မြန်မာနိုင်ငံက လူငယ်တွေရဲ့ တောက်ပတဲ့ အနာဂတ်အတွက် Johns Hopkins တက္ကသိုလ်က ပူးပေါင်းပါဝင်လိမ့်မယ်လို့ သူမျှော်လင့် ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို Johns Hopkins တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်တာနဲ့ ပတ်သက်ပြီး ကိုရော်နီညိမ်းက တင်ပြပေးပါထားပါတယ်။

မေလ ၂၄ ရက်နေ့က မေရီလဲန်းပြည်နယ်၊ ဘော်လတီမိုးမြို့က Johns Hopkins တက္ကသိုလ် ဟုမ်းဝုဒ် နယ်မြေ (Home Wood Campus)မှာ ကျင်းပခဲ့တဲ့ ဒီဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာပါ။ ဒီအခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်း အမှာစကား ပြောကြားတာကိုလည်း ပြသခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ တက္ကသိုလ် ဘွဲ့ရလူငယ်တွေ ရင်ဆိုင်နေကြရတဲ့ လက်တွေ့ ပကတိအခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့နိုင်ငံက လူငယ်ထုရဲ့ အများစုကြီးဟာ အခြေခံကျတဲ့ပညာရေး လိုအပ်နေ ကြပါတယ်။ ကျမက မူလတန်းကျောင်းအဆင့် ကလေးတွေရဲ့ အခြေခံပညာရေးကို ပြောနေတာ မဟုတ်ပါဘူး။ ကျမက တက္ကသိုလ်ဘွဲ့ရလူငယ်တွေမှာ အခြေခံကျတဲ့ပညာရေး လိုအပ်နေကြတာကို ပြောနေတာ ပါ။ မြန် မာနိုင်ငံ မှာ မြောက်များလှတဲ့ တက္ကသိုလ်ဘွဲ့ရလူငယ်တွေဟာ အလုပ်လက်မဲ့တွေ ဖြစ်နေကြပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တက္ကသိုလ်တွေက သူတို့တွေ အလုပ်အကိုင်တွေရရှိကြဖို့ လုံလောက်စွာလိုအပ်တဲ့ အခြေခံ ကျကျပညာရေးကို သင်ကြားမပေးနိုင်ကြလို့ပါပဲ။ ဒါကြောင့် ကျမတို့နိုင်ငံနဲ့ ကျမတို့ရဲ့ လူငယ်တွေမှာ အခုလို ပညာရေးအရ အကြီးအကျယ် လိုအပ်နေမှုကို Johns Hopkins တက္ကသိုလ်နဲ့တကွ တခြားသော အမေရိ ကန်ပြည်ထောင်စုက ပညာရေးအဖွဲ့အစည်းတွေကို၊ ကျမက သိရှိကြစေချင်ပါတယ်။ ကျမတို့နိုင်ငံရဲ့ တက္က သိုလ်ဘွဲ့ရ လူငယ်တွေဟာ တကယ့်ပညာတွေကို တတ်မြောက်ကြပြီးသား လူငယ်တွေ ဖြစ်လာကြရမှာပါ။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာကြတာကြောင့် သူတု့ိအတွက် ဘဝရဲ့စိန်ခေါ်မှုတွေကို တကယ်တမ်းရင်ဆိုင်နိုင်တဲ့ ပညာရေးကို အကြီးအကျယ် လိုအပ်နေကြတယ် ဆိုတာကို သိစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အခုလို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တဲ့ Johns Hopkins တက္ကသိုလ်အနေနဲ့ မြန်မာလူငယ်ထုရဲ့ ပညာရေးကို ကူညီစောင့်ရှောက်ပေးဖို့ ဗီဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့နိုင်ငံရဲ့ လူငယ်ထုနဲ့ သူတို့ရဲ့ပညာရေးဟာ၊ ကျမတို့နိုင်ငံရဲ့ အနာဂတ် အတွက် အလွန့်ကို အရေးပါနေပါတယ်။ သူတို့တွေနဲ့ ကျမတိ့နိုင်ငံရဲ့ အနာဂတ် တွေ တောက်ပလာနိုင်ဖို့ အတွက် Johns Hopkins တက္ကသိုလ်က ပူးပေါင်းပါဝင်လိမ့်မယ်လို့၊ ကျမက မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ Johns Hopkins တက္ကသိုလ်ကပေးတဲ့ ပညာရေးကို ရယူနိုင်ပြီး ကျမ အခုရရှိတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့မျိုးတွေ သူတို့လည်း ရရှိလာကြတဲ့အထိ၊ သူတို့ရဲ့ ပညာရေးကို Johns Hopkins က မြှင့်တင်ပေးနိုင်မယ့် အချိန်ကို ကျမက စောင့်မျှော်နေပါတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလက Johns Hopkins တက္ကသိုလ်ရဲ့ဥက္ကဋ္ဌ ရွန်ဒဲန်နီရယ်လ် (Ron Daniel) နဲ့အတူ မြန်မာနိုင်ငံကို သွားရောက်ခဲ့သူလည်းဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံယူခဲ့တဲ့ ဒေါက်တာ ခရစ္စ်ဘိုင်ယာက ဒေါ်အောင်ဆန်းစုကြည်ကို ဒီဘွဲ့ချီးမြှင့်တာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

ဒေါက်တာ ခရစ္စ်ဘိုင်ယာ။ ။ ပြီးခဲ့တဲ့ဇန်နဝါရီလက မြန်မာပြည်မှာ Johns Hopkins တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌ ရွန် ဒဲန်နီရယ်လ်နဲ့ ကျနော်နဲ့ဟာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ အကျဉ်းထောင်က လွတ်မြောက်ခါစ (၈၈)မျိုးဆက် ကျောင်း သားတွေအပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေ၊ လူမှုရေး လုပ်ငန်းတွေ ကို ဆောင်ရွက်နေကြ သူတွေ၊ မြန်မာအစိုးရရဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဝန်ကြီးတချို့နဲ့ပါ တွေ့ ဆုံခဲ့ကြ ပါတယ်။ တွေ့ခဲ့သမျှ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာက မြန်မာနိုင်ငံက ပညာရေးနဲ့ လူထုကျန်း မာရေးကဏ္ဍတွေမှာ အထူးသဖြင့် တက္ကသိုလ်ကောလိပ်ကျောင်းတွေမှာ ပညာရေး ကို ပြန်ပြီးမြှင့်တင်ဖို့ ကျနော်တို့ Johns Hopkins တက္ကသိုလ်က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင် ရွက်နိုင်မလဲ ဆိုတာ ပါ။ တော်တော်များများ အစီအစဉ်တွေ စဉ်းစားကြံဆ ချမှတ်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် လည်း မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေတွေ ရောက်ရှိလာအောင် အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းလမ်းအမျိုး မျိုးနဲ့ ကြိုးပမ်း ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ Johns Hopkins တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ရတာဖြစ်ပြီးတော့ ကျနော်တို့ တက္ကသိုလ်က ဒီ့အတွက် ပိုပြီးဂုဏ်တက်ပါတယ် ခင်ဗျာ။

ဒေါက်တာ ခရစ္စ်ဘိုင်ယာက အခုအခါ မြန်မာနိုင်ငံမှာ Johns Hopkins တက္ကသိုလ်က စတင်ဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

ဒေါက်တာ ခရစ္စ်ဘိုင်ယာ။ ။ ပြီးခဲ့တဲ့ဇန်နဝါရီလက စလို့၊ ကျနော်တို့ တက္ကသိုလ်ရဲ့ လူထုပညာရေးဌာနက သင် တန်းပေးတယ့်သူတွေ၊ မြန်မာနိုင်ငံကို သွားပြီးတော့ အရေးပေါ်ကျန်းမာရေး ပြုစုစောင့်ရှောက်မှုပညာရပ် အခြေခံသင်တန်းနဲ့ အဆင့်မြင့် သင်တန်း တချို့ကို စပြီး သင်ကြားပေးနေကြပါပြီ။ ကျနော်တို့က အပြန်အလှန် ပညာရေးဖလှယ်မှုအစီအစဉ် အဖြစ် ကျနော်တို့ တက္ကသိုလ်ရဲ့ လူထုပညာရေးဌာနက ကျောင်းသားတွေ မြန် မာနိုင်ငံမှာ သွားရောက်ပညာ သင်ကြားကြဖို့နဲ့၊ မြန်မာကျောင်းသားတွေ Johns Hopkins တက္ကသိုလ်ကို လာရောက် ပညာသင်ကြားကြဖို့တွေကို၊ မကြာခင် အကောင်အထည်ပေါ်လာအောင် လုပ်ကိုင်ဆောင် ရွက်နေပါတယ်။"

လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့သူအနေနဲ့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို Johns Hopkins တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တာကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့် ခွန်းသတင်းစကားထဲမှာ ဒီ့အတွက် တုံ့ပြန်စကားပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ မြန်မာနိုင်ငံက လူ့အခွင့်အရေးအကြောင်းကို ကျမက ပြောတယ်ဆိုရင်၊ တကယ် က ကျမက တကမ္ဘာလုံးက လူ့အခွင့်အရေးအကြောင်းကို ပြောတာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားအနေနဲ့ ဖြစ်တည်နေမှုက ဘဝအခြေ အနိမ့်အမြင့်နဲ့ မဆိုင်ပါဘူး။ လူသားတစ်ဦးဟာ ကမ္ဘာပေါ်က တနေရာမှာ မပြည့်မစုံ ဘဝနဲ့ နေနေရတာကြောင့်၊ သူဟာ တင့်တောင့်တင့်တယ် နေထိုင်နေကြရတဲ့နေရာက လူသားထက်နိမ့်ကျတယ်လို့ အဓိပ္ပာယ်ဖွင့်လို့ မရပါဘူး။ ဒါကြောင့် ကျမတို့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အတွက် ရုန်းကန်လှုပ်ရှားနေကြတယ် ဆိုရင်၊ ဒါက ကျမတို့က လူသားအားလုံးရဲ့ လူ့အခွင့်အရေးအတွက် ရုန်းကန်လှုပ်ရှားနေတာပါပဲ။

Johns Hopkins တက္ကသိုလ်ရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်ခွဲတွေအားလုံး မှာ ဘွဲ့နှင်းသဘင်အခမ်းအနားတွေကို မေလ ၂၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ဒီအခမ်းအနားတွေအားလုံးမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်း အမှာစကားကို ပြသခဲ့ပါ တယ် ခင်ဗျာ။

XS
SM
MD
LG