သုံးရလွယ်ကူစေသည့် Link များ

လူထုဆန္ဒပြမှု ငြိမ်းချမ်းစွာဖြေရှင်းဖို့ အာဆီယံအတွင်းရေးမှူးချုပ် တိုက်တွန်း


မြန်မာနိုင်ငံက ပြည်သူတွေရဲ့ လျှပ်စစ်မီးရရှိရေးတောင်းဆိုနေကြတာတွေနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီစံနစ်ဆီသွားနေတဲ့ နိုင်ငံတွေ အနေနဲ့ ပြည်သူတွေရဲ့တောင်းဆိုမှုတွေ၊ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ထားရမယ်လို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြည်သူတွေရဲ့တောင်းဆို ဆန္ဒဖော်ထုတ်မှုတွေကို အကြမ်းမဖက်ဖို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းက ဂျပန်နိုင်ငံမှာရောက်နေစဉ်မှာ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ရန်ကုန်၊ မန္တလေး၊ ပြည်စတဲ့မြို့ကြီးတွေမှာ ပြည်သူရာပေါင်းများစွာ စုဝေး ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ခဲ့သလို ရန်ကုန်တိုင်းထဲက စက်မှုဇုံတွေမှာ စက်ရုံအလုပ်သမားတွေအတွက် ဆန္ဒပြမှုတွေ ကျယ်ပြန့်ဖြစ်ပေါ်နေချိန်မှာ မြန်မာအစိုးရအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ ပြည်သူတွေ ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းဖက်နှိမ်နင်းတာမျိုးတွေ မလုပ်အောင်လည်း သူက အခုလို ပြောသွားပါတယ်။

“အနှောက်အယှက် အဟန့်အတားတွေလုပ်တာမျိုး၊ ဟိုကိစ္စ ဒီကိစ္စတွေအတွက်လူအများက လိုလိုလားလားတောင်းဆိုတာတွေကို ကိုင်တွယ်ရာမှာ အကြမ်းပတမ်းလုပ်တာမျိုးတွေကို ကျနော်တို့ မတွေ့လိုပါဘူး။ သူတို့အတွက် လမ်းဖွင့်ပေးရပါမယ်။ အခွင့်အလမ်းတွေ ပေးရပါမယ်။ သူတို့ရဲ့ အသံတွေ၊ မကျေနပ်ချက်တွေကိုလည်း နားထောင်ရမှာ ဖြစ်ပါတယ်။”

သမ္မတဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးလမ်းပေါ် တက်စပြုနေချိန်မှာ အခုလို လျှပ်စစ်မီးရဖို့ တောင်းဆိုမှုတွေ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုတွေဟာ အစိုးရရဲ့ဖြေရှင်းနိုင်မှုကို စမ်းသပ်မှုလို့ မြင်နိုင်ပါတယ်။ အခြေခံအဆောက်အအုံပိုင်းမှာ ပြည့်စုံမှုမရှိရင်လည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်အကျိုးအမြတ်ကို အပြည့်အဝခံစားနိုင်မှာ မဟုတ်ဘူးဆိုတာကို အာဆီယံအတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

“အခြေခံအဆောက်အအုံလိုချက်ချက်တွေ ဆက်သွယ်ရေးအရ ကွန်ယက်ချိတ်ဆက်မှုတွေ မရှိဘဲနဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအသင်းဝင် အဖြစ်နဲ့ စုစည်းထားတဲ့အင်အားတွေနဲ့ အာဆီယံကတဆင့် ကမ္ဘာကို လက်လှမ်းမီရာကရမယ့် အကျိုးကျေးဇူးတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့က ကားလမ်း၊ ရထားလမ်းနဲ့ ထောက်ပံ့ရေးကွန်ယက်တွေကို အင်မတန်၊ အင်မတန်မှကို ထိထိရောက်ရောက်ရှိအောင်လုပ်ဖို့ လိုအပ်နေဆဲဖြစ်လို့ပါ။”

သောက်သုံးရေ၊ အစားအစာ၊ လမ်းပမ်းဆက်သွယ်ရေး-စတဲ့ မရှိမဖြစ် လိုအပ်တဲ့ကိစ္စတွေမှာ အကူအညီလိုအပ်တယ်ဆိုရင် အာဆီယံအဖွဲ့ဘက်က အကူအညီပေးဖို့ အဆင်သင့်ပဲလို့ အာဆီယံအထွေထွေအတွင်းရေးမှူး ဆူရင်းပစ်ဆူဝမ်က ရိုက်တာသတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောသွားပါတယ်ရှင်။

XS
SM
MD
LG