သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ စီးပွားရေးသဘောတူညီမှုတွေရရှိ


မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ်နဲ့ရောက်နေတဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Manmohan Singh ဟာ ဒီကနေ့မှာတော့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူပူးပေါင်းနိုင်မယ့် လုပ်ငန်းစဉ်တွေကို ညှိနှိုင်းဆွေးနွေးတာနဲ့ နှစ်ဘက်သဘောတူညီချက် စာချွန်လွှ လက်မှတ် ရေးထိုးတာတွေ လုပ်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh ဟာ မနက်ဖြန် မှာတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ တွေ့ဆုံကြမှာလည်း ဖြစ်ပါ တယ်။ အိန္ဒိယဝန်ကြီးချုပ်ရဲ့ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေကိုတော့ မသင်းသီရိက ပြောပြပေးမှာ \ပါ။

မနေ့က မေလ ၂၇ ရက် တနင်္ဂနွေနေ့ညနေက မြန်မာနိုင်ငံကိုရောက်လာတဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Manmohan Singh ဟာ ဒီကနေ့ မေလ ၂၈ ရက် တနင်္လာနေ့မှာတော့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့အတူ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံပါတယ်။ မနက်ပိုင်းမှာ သမ္မတဦးသိန်းစိန်က ဝန်ကြီးချုပ်ကို ကြိုဆိုတဲ့ပွဲအပြီး နှစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ စီးပွာေးရးနဲ့ ကူးသန်းရောင်းဝယ်ရေးအပြင် လုံခြုံရေးဆိုင်ရာ ကိစ္စတွကိုဆက်ပြီး ဆွေးနွေးကြတယ်ဆိုတဲ့ အစီအစဉ်ကိုတော့ မြန်မာ့သတင်းစဉ်က ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်က ပြောပြပါတယ်။

"သူ့ကို ဂုဏ်ပြုကြိုဆိုပါတယ်။ ပြီးတော့ သမ္မတကြီးနဲ့တွေ့ပါတယ်။ ပြီးတော့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးတာ လုပ်ပါတယ်။ အခု ညနေသုံးနာရီမှာတော့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့နေတာတော့ ရှိပါတယ်။ ညဘက်မှာ ညစာစားပွဲရှိပါတယ်။ မနက်ဖြန်တော့ ကျနော်သိသလောက် အစီအစဉ်တချို့ ရှိတယ်ပဲ သိပါတယ်ခင်ဗျ။"

မြန်မာ့သတင်းစဉ်က ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်က ဒီကနေ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Manmohan Singh ရဲ့ နေပြည်တော်ခရီးစဉ်အကြောင်း ပြောခဲ့တာပါ။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Manmohan Singhဟာ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု အဆင့် နယ်စပ်ရေးရာဝန်ကြီးတချို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဆွေးနွေးပွဲတွေမှာတော့ ဝန်ကြီးချုပ် Manmohan Singh နဲ့အတူ အိန္ဒိယရဲ့ ပြည်ပရေးရာဝန်ကြီး၊ ဝန်ကြီးချုပ်ရဲ့အတွင်းဝန်၊ နိုင်ငံခြားရေး အတွင်းဝန်အပြင် အမျိုးသားလုံခြုံရေး အကြံပေးနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့အတူ တခြားအစိုးရအဖွဲ့က အဆင့်မြင့်အရာရှိတွေ တက်ရောက်ခဲ့ကြ ပြီး မြန်မာဘက်ကတော့ သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အပြင် အစိုးရ အဖွဲ့က ဝန်ကြီးတချို့နဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ နှစ်ဘက်စာချွန်လွှာလက်မှတ်ရေးထိုးရာမှာ သဘောတူခဲ့တဲ့အထဲ အိန္ဒိယက မြန်မာကို သက်သာသောချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမယ်ဆိုတာအပြင် ပညာရေး၊ စိုက်ပျိုးရေး၊ လေကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုနဲ့ နယ်စပ်ဒေသလုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာတွေ အတွက်ဆိုပြီး အချက် ၁၂ ချက်ကို သဘောတူလက်မှတ်ထိုးခဲ့တယ်လို့ သမ္မတရုံးရဲ့အင်တာနက် စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။

၃ ရက်ကြာ ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Manmohan Singhဟာ မနက်ဖြန် မေလ ၂၉ ရက် အင်္ဂါနေ့ မနက်မှတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာတွေ့ဆုံဖို့ စီစဉ်ထားယ်လို့ NLD ပါတီက ပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုးက ပြောပြပါတယ်။

"အဖွဲ့ချုပ်ရုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းဂ်တို့ ဆီဒိုးနားဟိုတယ်လ်၊ မင်းတုန်းခန်းမမှာ မနက် ၁၁ နာရီခွဲမှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ချုပ်အနေနဲ့ စီစဉ်ထား တာတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာမဲန်မိုဟန်ဆင်းဂ်တို့တွေ့ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ပါပဲ။"

ဒါကတော့ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးချုပ် Manmohan Singh တို့ ရန်ကုန်၊ ဆီဒိုးနား ဟိုတယ်မှာ တွေ့မယ့်အကြောင်း NLD ပါတီက ဦးကြည်တိုးပြောပြခဲ့တာပါ။

ဒါဟာ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်အဆင့်အဖြစ် ၂၅ နှစ်တာကလအတွင်း ပထမဆုံးခရီးမို့ သမိုင်းဝင် ခရီးစဉ် လို့ မြင်ကြတာရှိသလို အပြောင်းအလဲရှိလာနေတဲ့ မြန်မာပြည်ရဲ့အခြေအနေတွေထဲ ဒေသတွင်းမှာ စီးပွားရေး နောက်မကျရလေအောင် ခြေလှမ်းသစ်တွေနဲ့ ပူးပေါင်းနိုင်ဖို့ အခုလို အဆင့်မြင့်အရာရှိ လာခဲ့တာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။

XS
SM
MD
LG