သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ထိုင်းခရီးစဉ်ဖျက်


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF မှာ ပါဝင်တက်ရောက်မယ့် အစီအစဉ်ကို သမ္မတဦးသိန်းစိန်က ပယ်ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ ဒီအကြောင်းကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြပေးထားပါတယ်။

WEF ဖိုရမ်ကို သမ္မတဦးသိန်းစိန်၊ တက်မယ် မတက်ဘူးဆိုတာနဲ့ပတ်သက်လို့ အခုရက်ပိုင်းအတွင်း သတင်းအမျိုးမျိုး ထွက်နေတာကနေ ဒီကနေ့မှာတော့ သူ မတက်ဖြစ်ဘူးဆိုတာကို ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပြောဆိုခဲ့တာပါ။ ဒါပေမဲ့ လည်း ထိုင်းနိုင်ငံလာရောက်မယ့် နိုင်ငံတော်ခရီးစဉ်ကိုတော့ ရက်ရွှေ့ဆိုင်းလိုက်တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗွီအိုအေ ကို အတည်ပြုပြောဆိုခဲ့သူကတော့ ထိုင်းနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ထာနီ သွန်ခ်ပက်ခ်ဒီ (Thani Thongpakdi) ဖြစ်ပါတယ်။ သမ္မတရဲ့ တရားဝင်နိုင်ငံတော်ခရီးစဉ် ရွှေ့ဆိုင်းလိုက်တာနဲ့ WEF ဖိုရမ် မတက်ဖြစ်တဲ့အကြောင်း တွေကို မေလ ၂၇ ရက်နေ့မှာ မြန်မာအစိုးရဘက်က အကြောင်းကြားခဲ့တယ်လို့ မစ္စတာထာနီကပြောပါတယ်။

“နိုင်ငံတွင်းမှာ သူ တက်ရောက်ရမယ့် အစီအစဉ်တွေ ရှိထားပြီးသားဖြစ်တဲ့အတွက် မြန်မာသမ္မတရဲ့ တရားဝင် နိုင်ငံတော်ခရီးစဉ် ဟာ နှစ်နိုင်ငံ သဘောတူညီချက်အရ ဇွန်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ဖြစ်ပါလိမ့်မယ်။ တချိန်တည်းမှာပဲ WEF ဖိုရမ်ကို တက်မယ့် အစီအစဉ်နဲ့ပတ်သက်လို့လည်း မတက်နိုင်တော့ဘူးဆိုတဲ့အကြောင်း ကျနော်တို့ကိုပြောပါတယ်။ သူ့ကိုယ်စား ပြည်ထောင်စု စွမ်းအင်ဝန်ကြီးက တက်ရောက်မှာဖြစ်ပါတယ်။” - လို့ မစ္စတာထာနီကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းအထိ WEF ဖိုရမ်ရဲ့ အစီအစဉ်တွေထဲမှာ အစီအစဉ်နှစ်ခုမှာ သမ္မတဦးသိန်းစိန်တက်ရောက်မယ်ဆိုပြီး ထည့်သွင်းထားခဲ့တာပါ။ မေလ ၃၁ ရက်နေ့မှာလုပ်မယ့် ဖွင့်ပွဲအခမ်းအနားမှာ ဘာရိန်းဝန်ကြီးချုပ်၊ ဗီယက်နမ်ဝန်ကြီးချုပ်၊ လာအို ဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတ၊ အိမ်ရှင် ထိုင်းဝန်ကြီးချုပ်တို့နဲ့အတူ မြန်မာသမ္မတလည်း တက်ရောက်မယ်လို့ ကြေညာခဲ့ပါတယ်။ တခါ ဇွန်လ ၁ ရက်နေ့ညနေပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ ကတိပြုမှုနဲ့အနာဂတ်လို့ ဆိုရမယ့် The Promise and Future of Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ သမ္မတဦးသိန်းစိန်က စကားပြောဖို့ အစီအစဉ်တခုလည်း ကြေညာထားခဲ့ပါတယ်။ အခုတော့ အဲဒီအစီအစဉ်တွေအားလုံးမှာ သူ့ရဲ့အမည်ကြေညာထားတာကို ဖျက်လိုက်ပြီဖြစ်ပါတယ်။

WEF ဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ဖြစ်မယ်ဆိုတာကိုလည်း မစ္စတာထာနီက အတည်ပြု ပြောဆိုပါတယ်။

“ဖိုရမ် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်မယ်ဆိုတဲ့အကြောင်း World Economic Forum က ကျနော်တို့ကို အကြောင်းကြားပါတယ်။” -လို့ မစ္စတာထာနီကပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတခုဆီ ဒေါ်အောင်ဆန်း စုကြည်သွားမယ်ဆိုတဲ့သတင်းနဲ့ တခြားအစီအစဉ်တွေကိုတော့ သူတို့ဆီ အကြောင်းမကြားသေးလို့ မသိသေးဘူးလို့ ထိုင်းနိုင်ငံ ခြားရေးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မစ္စတာထာနီက ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့မနက်ပိုင်း WEF အစီအစဉ်တွေထဲက ခေါင်းဆောင်တယောက်နှင့် စကားပြောခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ WEF တည်ထောင်သူနဲ့ အမှုဆောင်ဥက္ကဋ္ဌ ကလော့စ် ရှဝတ်ဘ် (Klaus Schwab) က ဒေါ်အောင်ဆန်းစုကြည်ကို နာရီဝက်ကြာ တဦးချင်း တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ် ရှင်နာဝပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၃၁ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ သတင်းတွေက ဖော်ပြကြပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

မည်သို့ပင်ဖြစ်စေ ၂၄ နှစ်အတွင်း မြန်မာနိုင်ငံပြင်ပ ပထမဆုံးထွက်လာမှာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးခရီး တထောက်ဟာ သူတို့နိုင်ငံဖြစ်ဖို့ ကမ္ဘာ့နိုင်ငံအတော်များများရဲ့ ခေါင်းဆောင်တွေ မျှော်လင့် တောင့်တ ဆန္ဒရှိနေကြချိန်မှာ ထိုင်း ဝန်ကြီးချုပ် မစ္စယင်းလပ်က ကြိုဆိုခွင့်ရတော့မှာဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းဆက်ဆံရေးမှာ မဟာ ဗျူဟာမြောက် လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ သုံးသပ်တာမျိုးလည်းရှိပါတယ်ခင်ဗျား။

XS
SM
MD
LG