သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံ ဆန္ဒပြသူ အလုပ်သမားတချို့ဆေးရုံရောက်


ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မူဇုံမှာရှိတဲ့ ရန်ကုန်ကရောင်းသံမဏိစက်ရုံက အစာငတ်ခံ ဆန္ဒပြနေတဲ့ အလုပ်သမားတွေထဲက တဦး သွေးဝမ်းသွားတဲ့အတွက် မှော်ဘီဆေးရုံကိုပို့လိုက်ရပြီး နာရီပေါင်း ၇၀ ကျော်အစာငတ်ခံဆန္ဒပြနေဆဲမှာပဲ အလုပ်သမား ၅ ဦးခန့်က သတိမေ့မျော သွားတာတွေ ဖြစ်ခဲ့ရပါတယ်။ ဒီနေမှာတော့အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတွေ လာရောက်ဖြန်ဖြေမူတွေ လုပ်နေပေမဲ့ ညနေပိုင်းထိ ညှိနှိုင်းမှု မပြီးသေးပါဘူး။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ရန်ကုန်ကရောင်း သံမဏိစက်ရုံက အလုပ်သမား ၅၀၀ လောက်ဟာ အခြေခံလစာနည်းပါးတဲ့အတွက် စက်ရုံရှေ့ နေပူထဲမှာဆန္ဒပြနေတာာ ကိုးရက်မြောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီအထဲက အလုပ်သမား ၄၀ ကျော်ကလည်း သူတို့တောင်းဆိုချက်တွေရဖို့အတွက် အရှိန်မြှင့်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြနေတာ လေးရက်မြောက်နေ့ကို ရောက်ရှိလာချိန်မှာ ဆေးရုံပို့လိုက်ရတာမျိုး၊ သတိမေ့သွားတာမျိုးတွေ ဖြစ်နေတဲ့ အကြောင်း အလုပ်သမားတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးနေတဲ့ မှော်ဘီမြို့နယ်၊ စံပြကျေးရွာ ပရဟိတ လူငယ်အဖွဲရဲ့ ဥက္ကဋ္ဌ ကိုသူရက ပြောပြပါတယ်။

“အလုပ်သမားတွေ ဆန္ဒပြတဲ့အခြေအနေတွေက မနက်ကဆိုရင် အချိန်ပိုင်းအရ စုစုပေါင်း ၇၁ နာရီနဲ့ ၁၅ မိနစ်အရောက်မှာ ပထမနေ့က ဝမ်းကိုက်ပြီး သွေးပါနေတဲ့တယောက်က ဆေးရုံတင်လိုက်ရတယ်ခင်ဗျ။ ကိုဇော်မင်းလတ်ကို ဆေးရုံတင်လိုက်ရပါတယ်။ သွေးဝမ်း သွားလို့လေ။ နောက် ၇၂ နာရီနဲ့ ၁၅ မိနစ်မှာဆိုရင် ကိုသန်းလှဆိုတဲ့တယောက်က အားပြတ်ပြီးတော့ ကြွက်တွေ ဘာတွေတက်လာလို့ ဆေးကုသမှု သွားယူရတယ်ပေါ့။ ၇၄ နာရီနဲ့ ၈ မိနစ်မှာဆိုရင် ကိုတင်ကိုဦး၊ သူလည်းပဲ အားပြတ်ပြီးတော့ အကြောတွေတက်လာတယ်ပေါ့။ ၇၇ နာရီ၊ မိနစ် ၄၀ မှာဆိုရင် ပထမရက်က အားပြတ်တယ်ဆိုတဲ့ ကိုတင်မိုးဝင်း- သူက နောက်တကြိမ်ထပ်ဖြစ်တာပေါ့လေ။ အားပြတ်ပြီး သတိမေ့သလိုဖြစ်ပြီး အကြောတွေလည်း တက်လာတယ်ပေါ့။ အခုလက်ရှိကတော့ ဆန္ဒပြအလုပ်သမားတွေကလည်း ဒီအနေအထားလောက်ပဲဖြစ်နေသေးတယ်ပေါ့နော်။ ဆေးရုံတက်နေတဲ့ကိုဇော်မင်းလတ်ကတော့ လောလောဆယ် သွေးဝမ်းသွားတာတော့ မတိတ်သေးဘူးပေါ့။ ဒရစ်ပ်တွေ ဘာတွေ ချိတ်ထားတယ်ပေါ့နော်။”

အလုပ်သမားတွေ စတင်ဆန္ဒပြပြီးနောက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတွေ လာရောက်ပြီး ညှိနှိုင်းခဲ့တာ ပြေလည်မှု မရခဲ့တာကြောင့် မေလ ၂၈ ရက်နေ့မှာတော့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးက တာဝန်ရှိသူ ရောက်ရှိလာပြီး အလုပ်ရှင်၊ အလုပ်သမားနဲ့အတူ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ဆွေးနွေးမူတွေလုပ်နေတာဟာ ညနေပိုင်း အထိ မပြီးသေးဘူးလို့ ဆိုပါတယ်။

“ဒီနေ့မနက်တော့ နည်းနည်းထူးပါတယ်။ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ရောက်လာပါတယ်။ အဲဒီအဖွဲ့နဲ့ ဒီက အလုပ်သမားအဖွဲ့အစည်းနဲ့ စက်ရုံဘက်က အဖွဲ့အစည်းနဲ့ သုံးဘက် မျက်နှာချင်းဆိုင် ညှိနှိုင်းတိုင်ပင်ဖို့ လုပ်နေတယ်။ အခုထိတော့ လုပ်နေတုန်းပဲပေါ့နော်။ ”

မြောင်းတကာစက်မူဇုံ က ရန်ကုန်ကရောင်း သံမဏိစက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမားတွေကို တနေ့ ထမင်းနှစ်နပ်ကျွေးပြီး တနေ့လုပ်အားခ ကျပ် ၁၆၀ သာပေးတာပါ။ အချိန်ပို အလုပ်တွေရှိမှသာ အလုပ်သးမာတွေက ဝင်ငွေရှိပြီး တလလုံးအချိန်ပိုတွေမရှိဘူး ဆိုရင်တော့ အလုပ်သမားတွေဟာ တလလုံးမှ ကျပ် ၄၅၀၀ လောက်သာရရှိတာကြောင့် မိသားစုရှိတဲ့၊ သားသမီး ကျောင်းတက်ဖို့ရှိနေတဲ့ အလုပ်သမားတွေအဖို့ အပိုဝင်ငွေမရှိဘဲ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။

အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို အလုပ်ရှင်က မပေးတဲ့အပြင် မေလ ၂၆ ရက်နေ့က အလုပ်သမားတွေ လျှော့ချတယ်ဆိုပြီး ဆန္ဒပြနေတဲ့ အလုပ်သမားတွေထဲက အလုပ်သမား ၃၀၀ ကျော်ကိုလည်း အလုပ်ကနေ ထုတ်ပယ်ပစ်လိုက်ပါတယ်။ ဒီအတွက် အလုပ်သမားတွေအနေနဲ့ ရွေးချယ်စရာလမ်းမရှိတော့သလို သူတို့တောင်းဆိုချက်တွေကိုလည်း ဖြေရှင်းပေးမယ့်သူတွေ၊ အဖွဲ့အစည်းတွေ မရှိတော့တဲ့အတွက် အစာငတ်ခံဆန္ဒပြမူကို အရှိန်မြှင့်လုပ်ဆောင်လိုက်ရတာ လို့လည်း ပြောကြပါတယ်ရှင်။

XS
SM
MD
LG